
ဂျေရုဆလင် နိုဝင်ဘာ ၂၅
အစ္စရေးနှင့် ဟားမားစ်တို့ကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးမှာ နိုဝင်ဘာ ၂၅ ရက်တွင် ဒုတိယမြောက်နေ့သို့ ရောက်ရှိလာပြီး နှစ်ဖက်စလုံး က ဓားစာခံများနှင့်အကျဉ်းသားများ ထပ်မံလွှတ်ပေး ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် ပါလက်စတိုင်းအစ္စလာမ္မစ် အဖွဲ့ ဟားမားစ်က အစ္စရေးနိုင်ငံသား ၁၃ ဦးအပါ အဝင် ဓားစာခံ ၂၄ ဦးကို လွှတ်ပေးခဲ့သည်။ အပြန် အလှန်အားဖြင့် အစ္စရေးကလည်း အကျဉ်းကျခံနေရ သော ပါလက်စတိုင်း အမျိုးသမီးနှင့် ကလေးငယ် ၃၉ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေး ဓားစာခံ ၁၄ ဦးနှင့် ထိန်းသိမ်းခံထားရ သည့် ပါလက်စတိုင်း ၄၂ ဦးကို နိုဝင်ဘာ ၂၅ ရက် တွင် လဲလှယ်လွှတ်ပေးသွားဖွယ်ရှိကြောင်း အစ္စရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းအေဂျင်စီအပါအဝင် အခြား သော မီဒီယာများတွင် ဖော်ပြထားသည်။
ဟားမားစ်တို့အနေဖြင့် ဒုတိယအကြိမ်မြောက် ဓားစာခံလွှတ်ပေးမှုကို နိုဝင်ဘာ ၂၅ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် စတင်သွားဖွယ် ရှိကြောင်း အစ္စရေးအာဏာပိုင်များက မျှော်လင့်ထား သည်ဟု အစ္စရေးမီဒီယာက ဆိုသည်။
ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင် လာသော ၁၃၇ စီးပါ ယာဉ်တန်းကို အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာကမ်းမြောင်သို့ ဝင်ရောက် သည့် အကြီးမားဆုံးလူသားချင်းစာနာထောက်ထားမှု ယာဉ်တန်းဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီ အိတ်ချ်အေ)က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။
သို့သော်လည်း ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်း များကို လူပေါင်းမည်မျှ သုံးစွဲနိုင်မည်လဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မိသားစုများကို တွေ့ဆုံရန် သို့မဟုတ် တစ်ကိုယ်ရေသုံးပစ္စည်းများ ကို ယူဆောင်ရန် နေအိမ်များသို့ ပြန်လာသော ပါလက်စတိုင်းနေရပ်စွန့်ခွာသူအချို့ကို မြင်တွေ့ရ ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်တောင်ပိုင်း တွင် ခိုလှုံနေကြသူများကို မြောက်ပိုင်းဒေသများဆီ မပြန်ကြရန် အစ္စရေးတပ်ဖွဲ့ဘက်က သတိပေး ပြောကြားထားသည်။ အင်န်အိတ်ချ်ကေ