အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်

 

၁။    ၂၀၁၄ ခုနှစ်  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊  ပုံနှိပ်စာ၊  အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍   ထုတ်ဝေလိုက်သည့် စာတို့အပြင် ယင်းတို့နှင့် အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့် သော်လည်းကောင်း၊  သဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြား နည်းလမ်းအားဖြင့်သော်လည်းကောင်း   စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ  သိရှိစေနိုင်သည့်အရာများနှင့် သတင်း စာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟု လည်း ကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊  ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရဟု    လည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။ 

၂။    ယခုအခါ အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော  Mobile Application နှင့်  Website  များ တည်ထောင်၍ E-Book ထုတ်ဝေစာများအား ထုတ်ဝေဖြန့်ချိလျက်ရှိ သည်ကို တွေ့ရှိရပြီး ၎င်း E-Book ထုတ်ဝေစာများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ   ထုတ်ဝေစာအဓိပ္ပာယ်ဖွင့်ဆိုချက်  တွင် အကျုံးဝင်ပါသဖြင့် သက်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။  

၃။    သို့ဖြစ်၍ Digital Platform အသုံးပြုကာ Application နှင့်  Website များတည်ထောင်၍ E-Book များ ထုတ်ဝေဖြန့်ချိဆောင်ရွက် နေသူများအနေဖြင့် ဥပဒေပုဒ်မ ၁၅ နှင့်အညီ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရယူဆောင်ရွက်ရန်၊    မိမိတို့၏  ထုတ်ဝေစာများသည်  ပုဒ်မ ၈ ပါစည်းကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေဆောင်ရွက်ရန် နှင့် နည်းဥပဒေ ၁၅(ခ)နှင့်အညီ E-Book Soft Copy (၅)အုပ်/(၅)စောင်  ကို   မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့  ပေးအပ်ရန်လိုအပ်ပါကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
                    

ပြန်ကြားရေးဝန်ကြီးဌာန