
မော်လမြိုင် နိုဝင်ဘာ ၂၂
မွန်ပြည်နယ်အတွင်း တိုင်းရင်း သားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ် တို့ကို မပျောက်မပျက်ထိန်းသိမ်းစောင့်ရှောက်၍ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ် ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ် ထွန်းစေရန် ရည်ရွယ်၍ တိုင်းရင်း သားယဉ်ကျေးမှု စင်တာကို မော်လမြိုင်မြို့ မင်းရွာကျေးရွာ၌ တည်ဆောက်လျက်ရှိသည်။
အဆိုပါ တိုင်းရင်းသား ယဉ်ကျေးမှုစင်တာတည်ဆောက် မှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်း ရှင်းလင်းဆောင်တွင် တည်ဆောက်ရေးလုပ်ငန်း တာဝန် ရှိသူများက လုပ်ငန်းတစ်ခုချင်းစီ အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန် ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်နှင့် အခြားတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြရာ တိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာများကို တစ်နေရာတည်း တွင် အလွယ်တကူ အများပြည်သူ ဝင်ရောက် လေ့လာနိုင်သော တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်ဆောက်နေပြီ ဖြစ်သည့် အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေး သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးစေရေးနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး အထူးအလေးထားဆောင်ရွက် ကြစေလိုကြောင်း မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ ဖြည့်စွက်ဆွေးနွေး တင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်း ရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ ဖြင့် ပြောင်းဆန်အိတ်များ တရား မဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေး အရေးယူရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက် ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်၍ အမှာ စကားပြောကြားခဲ့ပြီး စွမ်းစွမ်း တမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)