ဟားမားစ်နှင့် အစ္စရေးတပ်ဖွဲ့တို့အကြား ယာယီအတိုက်အခိုက်ရပ်စဲရေး သဘောတူညီချက်ရရှိရန် နီးစပ်

 

ဂါဇာ နိုဝင်ဘာ ၂၁ 


ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စုသည် အစ္စရေးနှင့် အတိုက်အခိုက်ရပ်စဲခြင်း သဘောတူညီချက်ရရှိရန် နီးစပ်လာပြီဖြစ်ကြောင်း ဟားမားစ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရက်က ပြောကြားလိုက်သည်။ 


ကာတာနိုင်ငံသို့ 
အကြောင်းပြန်ကြားချက် ပေးပို့


နိုဝင်ဘာ ၂၁ ရက်က လူမှုမီဒီယာပလက်ဖောင်း တစ်ခုပေါ်  တင်လိုက်သော  ထုတ်ပြန်ချက်တွင် ဟားမားစ်တို့သည် ကာတာနိုင်ငံအပေါ် ၎င်းတို့၏ အကြောင်းပြန်ကြားချက်ကို      ပေးပို့ခဲ့သည်။ ကာတာနိုင်ငံသည် ဖမ်းဆီးထားသောဓားစာခံများ ပြန်လွှတ်ရေးဆွေးနွေးပွဲကို      ကြားဝင်စေ့စပ် ပေးနေသော နိုင်ငံဖြစ်သည်။


ဟားမားစ်တို့၏ နေရာပေါင်း ၂၅၀ ကို ပစ်မှတ်ထားတိုက်ခိုက်


အစ္စရေးစစ်ဘက်က  ဂါဇာကမ်းမြောင်ဒေသ တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။  အစောပိုင်းရက်က အစ္စရေး တပ်ဖွဲ့ဝင်များသည်   ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ်တို့၏  နေရာပေါင်း  ၂၅၀ ကို ပစ်မှတ် ထားပြီး လေကြောင်းစီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်  ဟားမားစ်တပ်ဖွဲ့ဝင်  အများအပြား သေဆုံးခဲ့သည်။ 


ဟားမားစ်တို့သည်   လူနေအိမ်ခြေများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုလျက် ရှိကြောင်း    အစ္စရေးစစ်ဘက်က   အကြိမ်ကြိမ် ပြောကြားခဲ့သည်။  အစ္စရေးတပ်ဖွဲ့များသည် ဂါဇာ မြောက်ပိုင်းရှိ   ဂျာဘလီယာဒုက္ခသည်စခန်းကို မြေပြင်ဝေဟင်တိုက်ခိုက်မှုများ  ပြုလုပ်ခဲ့ကြောင်း နှင့်   ဟားမားစ်တို့ပုန်းအောင်းရာ နေရာဖြစ်သည့် မြေအောက်ဥမင်ခြေကုပ်နေရာ    သုံးခုကိုလည်း စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောခဲ့သည်။ 


ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဟားမားစ်တို့ဖမ်းဆီးထားသော ဓားစာခံများကို ပြန်လည်လွှတ်ပေးရေး  နီးစပ်လာပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။ 


အစ္စရေးနှင့် ဟားမားစ်တို့သည် ငါးရက်ကြာအပစ်အခတ်ရပ်စဲရေးဖလှယ်မှုတွင်     ဓားစာခံ  ဆယ်နှင့်ချီ  လွှတ်ပေးရန်  နီးစပ်လာပြီဖြစ်ကြောင်း ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။ 


ဓားစာခံများ ပြန်လည်လွှတ်ပေးရေးမှာ ထိပ်တန်းဦးစားပေးကိစ္စရပ်ဖြစ်


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က   ဓားစာခံများ   ပြန်လည်လွှတ်ပေးရေးသည် ထိပ်တန်းဦးစားပေးကိစ္စရပ်ဖြစ်ကြောင်းနှင့် ယာယီ အတိုက်အခိုက်ရပ်စဲရေး  သဘောတူညီမှုကာလ အတွင်းဓားစာခံများ ပြန်လည်မလွတ်မြောက်သေး သရွေ့တိုက်ခိုက်မှုများကို  ဆက်လက်လုပ်ဆောင် သွားမည်  မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 


နိုဝင်ဘာ ၂၀ ရက်က နိုင်ငံတကာ ကြက်ခြေနီ တပ်ဖွဲ့အကြီးအကဲသည် ကာတာနိုင်ငံသို့ သွားရော က် ခဲ့ပြီး  ကာတာအရာရှိများနှင့်သာမက  ဟားမားစ် ခေါင်းဆောင်တို့ကို သီးသန့်တွေ့ဆုံခဲ့သည်။ 


နိုင်ငံတကာကြက်ခြေနီအဖွဲ့သည် ဓားစာခံများ ပြန်လည်လွှတ်ပေးရေး    စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်သွားမည်မဟုတ်ကြောင်း၊   သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကြားဝင် ညှိနှိုင်းမှုကို    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။                


   အင်န်အိတ်ချ်ကေ