တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့

 

ထားဝယ်   နိုဝင်ဘာ   ၂၁


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က   ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များအား    ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို    ယနေ့နံနက် ၉ နာရီခွဲက ထားဝယ် မြို့ မြို့တော်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  မြန်မာနိုင်ငံ   ရဲမှုထမ်းဟောင်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ၂၂-၂-၂၀၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီး အတွင်း ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဝင် ၄၈ ဦး၊ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဝင် ၄၈ ဦး၊ ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်း အဖွဲ့ဝင် ၃၀  စုစုပေါင်း   ၁၂၆ ဦးဖြင့်   ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်     ထားဝယ် မြို့နယ်၊     မြိတ်မြို့နယ်၊    ကော့သောင်းမြို့နယ်ရှိ ရဲမှုထမ်းဟောင်းအဖွဲ့များအား တစ်ဖွဲ့လျှင်  မတည် ရန်ပုံငွေကျပ် သိန်း ၃၀ စီဖြင့် စုစုပေါင်း ကျပ်သိန်း ၉၀  ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပြီး ယနေ့တွင် ရဲမှုထမ်း ဟောင်းတပ်ဖွဲ့ဝင်တစ်ဦးလျှင်  ဆန်ခြောက်ပြည်ပါ တစ်အိတ်၊  ဆီတစ်ပိဿာနှင့်  ကြက်ဥအစရှိသော စားသောက်ကုန်များ        ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်   ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်   ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်         တိုင်းဒေသကြီးအစိုးရအဖွဲ့က ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား  ငွေကျပ်သိန်း ၉၀၊ အဖွဲ့ဝင်များအား         အခြေခံစားကုန်များနှင့် တိုင်းဒေသကြီး   ရဲတပ်ဖွဲ့အား   ငွေကျပ်သိန်း    ၅၀ ထောက်ပံ့ပေးအပ်ရာ အဖွဲ့ဝင်များအားလုံးကိုယ်စား ရဲမှုထမ်းဟောင်းတစ်ဦးက          ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍        တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးဝန်ကြီးများက   တက်ရောက် လာသော   ရဲမှုထမ်းဟောင်း    အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ခဲ့ကြောင်း   သိရ သည်။


တိုင်းဒေသကြီး (ပြန်/ဆက်)