
နေပြည်တော် နိုဝင်ဘာ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများ၊ လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တာဝန် ရှိသူများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် အိမ်ထောင်စု လူဦးရေစာရင်းများ အနက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စိစစ်ပြီးဖြစ် သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၁၂၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံ တွင် နေထိုင်ကြောင်း အထောက် အထား တွေ့ရှိသူ ၉၁၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရှိသူ ၄၇၀၀၀ ကျော်၊ စုစုပေါင်းလူဦးရေ ၁၃၈၀၀၀ ကျော်အား နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့ အကြောင်း ပြန်ကြားပြီးဖြစ် ပါကြောင်း။
စစ်ဆေးခဲ့
ယင်းတို့အနက် နှစ်နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံ ရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး လူဦးရေ ၇၀၀ ကျော်ကို ပြန်လည် လက်ခံရန် လျာထားပေးပို့ခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည် လက်ခံရန် လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ ဆက်စပ် မိသားစုဝင် ၄၀၀ ကျော်၏ စာရင်းပါ ထပ်တိုးရန် ပေးပို့လာပါကြောင်း၊ စိစစ်အတည်ပြုရန် ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော် အား မိမိတို့ဘက်မှ မျက်မြင်စစ်ဆေး ရေးအဖွဲ့များဖြင့် ပြီးခဲ့သည့် မတ်လ အတွင်းက မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့ သို့ သွားရောက် စစ်ဆေးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် (၂/၂၀၂၃) အစည်းအဝေးတွင် Pilot Project ဖြင့် လျာထားသူ ၇၀၀ ကျော်နှင့် သွားရောက် စစ်ဆေးအတည်ပြု ခဲ့သူ ၄၀၀ ကျော် စုစုပေါင်း ၁၁၀၀ ကျော်အား လက်ခံရန် ဆုံးဖြတ် ခဲ့ပြီးဖြစ်ကြောင်း။
သို့ရာတွင် နှစ်နိုင်ငံ ကမကထ ပြု ဆောင်ရွက်မည့် အစီအစဉ်သစ် (New Bilateral Initiative) အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ပို့ဆောင်လိုသူများနှင့် မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လိုသူများ အဆိုပြုပေးပို့ လာသည့်အတွက် ယင်းတို့အနက် မောင်တော (မြောက်ခြမ်း) တွင် နေထိုင်ခဲ့သူ၊ မိသားစုအလိုက် တွေ့ရှိသူ၊ ပြစ်မှုကင်းရှင်းသူ စုစုပေါင်း ၂၈၀၀ ကျော်အား ရှေ့ပြေး စမ်းသပ်စီမံကိန်းအဖြစ် ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီက မှတ်ချက်ပြုခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၂၈၀၀ ကျော်၏ ထပ်တိုးမိသားစုဝင် ၃၀၀ ကျော်အား ထပ်မံစိစစ်တွေ့ရှိ ရသဖြင့် Go and Talk ခရီးစဉ် တွင် မျက်မြင်စစ်ဆေးရေး အဖွဲ့ လိုက်ပါလျက် တစ်ပါတည်းစိစစ် အတည်ပြုပေးရန် သံတမန် လမ်းကြောင်းအရ တောင်းဆိုလာ သဖြင့် မိမိတို့ဘက်မှ မျက်မြင် စစ်ဆေးရေးအဖွဲ့များက ပြီးခဲ့ သည့် အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် တက္ကနပ် သို့ နေ့ချင်းပြန် သွားရောက်စစ်ဆေး ခဲ့ပါကြောင်း၊ ယင်းသို့သွားရောက် စစ်ဆေးရာတွင် စာရင်းပေးပို့ထား သည့် ၃၀၀ ကျော်အနက် လာ ရောက် အစစ်ဆေးခံသူ ၁၄၂ ဦး အား စစ်ဆေးခဲ့ရာ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံနိုင်သူ ၁၂၆ ဦးရှိပြီး လက်ခံ ရန် သင့်/ မသင့် စဉ်းစားရမည့်သူ ၁၁ ဦး၊ သေဆုံးသူ လေးဦး၊ စာရင်း မှား တစ်ဦးတို့ တွေ့ရှိရပါကြောင်း။
ရှင်းလင်းပြောကြား
ယခု အစည်းအဝေး တက် ရောက်လာသူများအနေဖြင့် မိမိ ဌာနနှင့်သက်ဆိုင်သည့် အချက် အလက်များအပေါ် မူတည်ပြီး မျက်မြင် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးခဲ့သူ ၁၄၂ ဦးနှင့် ပတ်သက်၍ Pilot Project အရ စိစစ်ပြီးသူ ၂၈၀၀ ကျော်နှင့်အတူ ပြန်လည်လက်ခံနိုင်မည့် အခြေ အနေကို သုံးသပ်ဆွေးနွေးအကြံ ပြုကြစေလိုပါကြောင်း၊ နေရပ် စွန့်ခွာသူများကို လက်ရှိလုံခြုံရေး အခြေအနေအရ ယခုကာလ အတွင်း အကန့်အသတ်ရှိနေသော် လည်း လက်ခံနိုင်မည့်သူများကို စိစစ်အတည်ပြုထားခြင်းဖြစ်ပြီး အတည်ပြု ဆုံးဖြတ်ချက်များကို ညှိနှိုင်းပေါင်းစပ်ရေးကော်မတီသို့ တင်ပြပြီး ၎င်းမှတစ်ဆင့် ဗဟို ကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်း ဝန်က ဧပြီလအတွင်း ကျင်းပခဲ့ သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၂/၂၀၂၃) ၏ ဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်မှု အခြေအနေ များကိုလည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က မျက်မြင်စစ်ဆေး ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် များနှင့် စိစစ်သုံးသပ်ရမည့် အခြေ အနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက် လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ကော်မတီ ဝင်များက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ဌာန အလိုက် ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်နေမှုနှင့် မျက်မြင်စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များ အပေါ် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် သုံးသပ် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးအကြံပြု သုံးသပ်ချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေး ချက်များအပေါ် အတည်ပြုဆုံးဖြတ် ချက်ရယူကာ စိစစ်အတည်ပြုပြီး သူများ ပြန်လည်လက်ခံနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်