တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း ဆောင်ရွက်မည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၁ 


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်အောင်မြင် ခဲ့သည့်        ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း    ရက်လုပ်ကပ်လှူ ပူဇော်ခြင်းကို  တန်ဆောင်တိုင်   မီးထွန်း ပွဲတော်ကာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏  တန်ဆောင်တိုင်   မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၇ ရက် အထိ      သုံးရက်တိုင်တိုင်     စည်ကား သိုက်မြိုက်စွာ   ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး  တန်ဆောင်တိုင်  မီးထွန်းပွဲတော်  ကာလအတွင်း     နိုဝင်ဘာ   ၂၆    ရက် (တန်ဆောင်မုန်းလဆန်း   ၁၄   ရက်)  နေ့   ညပိုင်းတွင်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏  ရေပန်းရင်ပြင်တော်၌           ရက်ကန်းစင်    ကိုးစင်ဖြင့်   မသိုးရွှေကြာသင်္ကန်း စတင်ရက်လုပ်ပြီး နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) နေ့ နံနက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ကပ်လှူပူဇော် သွားမည်ဖြစ်သည်။


ပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များ ဖြင့်  ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်      စိန်နားပန်  မီးပုံးပျံကြီးများ  လွှတ်တင်ပူဇော်ခြင်းများကို   စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ရောင်စုံအလှမီးများ  တပ်ဆင်ပူဇော်ထားရှိခြင်း များ၊  အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း    အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်း ရောင်းချခြင်း၊ ဘုရားဖူးလာကလေးသူငယ်များအတွက် ချားရဟတ် စသည့်   ကလေးကစားကွင်းများဖြင့်   ပွဲတော်ကာလအတွင်း    စီစဉ် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။     


  သတင်းစဉ်