
မျိုးမောင်မောင်ကျော်၊
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေရေးနှင့် MSME ထုတ်ကုန်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရည်ရွယ်ပြီး မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ (MSME) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့ပြီး ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဆီး/မန်ကျည်းဖျော်ရည်၊ အားလူးကြော်၊ ပဲယို၊ နှမ်းယို၊ စားသောက်ကုန်လုပ်ငန်း၊ သနပ်ခါး၊ ဆန်စက်၊ ဆီလုပ်ငန်း၊ ဝိုင်၊ အုန်းလက်မှုထုတ်ကုန်ပစ္စည်း၊ လက်ဖက်စို/ လက်ဖက်ခြောက် ၊ နတ်ရေကန်ကော်ဖီ၊ မခါနှင့် ညီမများ ဆေးဆိုးရက်ကန်းလုပ်ငန်း စသည့် ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသရောင်းချခဲ့ကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင် ထံမှ သိရသည်။
MSMEကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ “မခါနှင့်ညီမများ သဘာဝဆေးဆိုးရက်ကန်းလုပ်ငန်း”ကို လုပ်ငန်းရှင် ဒေါ်တင်ဌေး ဦးဆောင်၍ ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။
“မခါနှင့် ညီမများ သဘာဝဆိုးဆေးရက်ကန်း လုပ်ငန်း”သည် မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ကိုင်းကလေးကျေးရွာ၌ တည်ရှိပြီး ကျေးရွာရှိ အမျိုးသမီးများ မိသားစုဝင်ငွေရရှိရေး၊ ဒေသ လက်မှုရက်ကန်းစင်လုပ်ငန်းများ မပျောက် ကွယ် မတိမ်ကောစေရေးဆိုသည့် ရည်ရွယ်ချက် ကောင်းများဖြင့် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက လုပ်ငန်းစတင် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းစတင်ချိန်က ရက်ကန်းရက်အလုပ်သမား ခုနစ်ဦးဖြင့် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ တွင် ရက်ကန်းရက်ပညာကို စနစ်တကျ သင်ကြား ပေးနိုင်ခဲ့သဖြင့် ကျွမ်းကျင်အမျိုးသမီးဦးရေ ၆၀ ခန့်အထိ အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီး ပေးထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ရက်ကန်းပညာ သင်တန်းကိုလည်း ပို့ချသင်ကြားပေးလျက်ရှိပြီး ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိရေးအတွက် ရက်ကန်းစင်များကိုလည်း ထောက်ပံ့ပေးထားသည်။
လုပ်သားများအတွက် လုပ်အားခအနေဖြင့် ပဝါ တစ်ထည်လျှင် ရက်ခ ငွေကျပ် ၂၀၀၀ ၊ ပိတ်အုပ် တစ်အုပ်လျှင် အနည်းဆုံး ငွေကျပ် ၈၅၀၀ မှ ၁၀၀၀၀ အထိ ပေးရပြီး တစ်ရက် လုပ်အားခ အနေဖြင့် အနည်းဆုံး ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ အထိ ရရှိကြကြောင်း သိရသည်။
လက်ရှိ ဈေးကွက်တွင် ခြုံစောင်၊ ခြုံပဝါ၊ ကျား/မ အဝတ်အထည်များ စသည့် ချည်ထည်ပစ္စည်းများကို ဖြန့်ဖြူးလျက်ရှိပြီး တစ်ရက် ပျမ်းမျှ လူတစ်ဦး လျှင် ပဝါသုံးထည်ခန့်နှင့် ပိတ်အုပ် ငါးကိုက်ခွဲ ထွက်ရှိသည်။ ထိုသို့ ထွက်ရှိလာသည့် ချည်ထည် ကုန်ချောပစ္စည်းများကို ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် ရောင်းချသည့်အပြင် အွန်လိုင်းမှတစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချလျက် ရှိသဖြင့် နေရာဒေသ တော်တော်များများအထိ ဖြန့်ဖြူးပေးလျက်ရှိသည်။ အဓိကအားဖြင့် ရန်ကုန် နှင့် မန္တလေးမြို့မှ ဒီဇိုင်နာလုပ်ငန်းရှင်များ၏ ဝယ်ယူမှု ပိုမိုများပြားသည်ဟုဆိုသည်။
MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်း လုပ်ငန်းရှင် ဒေါ်တင်ဌေးက “ဒီလိုလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်ဆိုရင် မိဘပြည်သူ တွေ ညီအစ်ကိုမောင်နှစ်မတွေကို ပြည်တွင်းဖြစ် ဒေသထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေး ကြစေချင်တယ်။ ပြည်တွင်းဖြစ် ဒေသထွက်ကုန်တွေ ဟာဆိုရင် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ထုတ်လုပ်မှုဒီဇိုင်းပုံစံတွေလည်း ပိုမိုကောင်းမွန် လာနေပြီ ဖြစ်ပါတယ်။ ဒေသထွက်ကုန် ချည်ထည် ပစ္စည်းတွေကို များများဝယ်ယူအားပေးခြင်းကြောင့် ဒေသကြီးအတွင်းက (MSME)ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးတို့ကို များစွာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကျေးလက်နေပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစု ဝင်ငွေ တိုးပွားစေမှာဖြစ်ပြီး မိမိနိုင်ငံနဲ့ မိမိလူမျိုး အတွက် အကျိုးကျေးဇူးများစွာကို ရရှိစေမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။
လူတိုင်းအတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များကို တန်ဖိုးထား ဝယ်ယူဝတ်ဆင် ခြင်းဖြင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများသည် နည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်သော မြန်မာ့ ရိုးရာ ချည်ထည်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်မှ သည် စီးပွားဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများမှတစ်ဆင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးရေး အတွက်သာမက နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်ပါ အထောက်အပံ့ကောင်းများ ရရှိလာစေမည် ဖြစ်သည်။ ။