AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ဖိလစ်ပိုင်ဆီဘူးကလပ် သရေကျ

 

ရန်ကုန်   နိုဝင်ဘာ   ၉


၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန်  အုပ်စုစတုတ္ထနေ့အဖြစ်  ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ဆီဘူးကလပ် တို့ နိုဝင်ဘာ ၉ ရက်က  ရန်ကုန်မြို့ရှိ သူဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။     


ရှမ်းယူနိုက်တက်အသင်းသည် ယခုပြိုင်ပွဲတွင် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သော်လည်း သရေတစ်မှတ်သာရသဖြင့် အုပ်စုအဆင့်မှထွက်ခဲ့ရပြီဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည်  ဆီဘူးအသင်းကို ပထမအကျော့ရှုံးကြွေးပြန်မဆပ်နိုင်ဘဲ  သရေတစ်မှတ်သာ  ရယူနိုင် ခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းနှင့် ဆီဘူးအသင်းတို့ အပိုင်အခွင့်အရေးများ အသုံးမချနိုင်သဖြင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ၄၉ မိနစ်တွင် ဆီဘူးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ကော်ဆာမီက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက်  ချေပဂိုးကို ၈၁ မိနစ်တွင် ဇွဲခန့်မင်းက သွင်းယူခဲ့သည်။


လေးပွဲစီကစားအပြီးတွင် မက်ကာသာအသင်းနှင့် ဖနွမ်းပင်ခရောင်း အသင်းက ကိုးမှတ်စီ၊ ဆီဘူးအသင်းက လေးမှတ်၊ ရှမ်းယူနိုက်တက် အသင်းက  တစ်မှတ်ရရှိထားသည်။  ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပဉ္စမပွဲအဖြစ် နိုဝင်ဘာ ၃၀ ရက်တွင် ဩစတြေးလျကလပ် မက်ကာသာအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး