
နေပြည်တော် နိုဝင်ဘာ ၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ရာတွင် အောင်မြေ သာစံမြို့နယ် ညောင်ကွဲရပ်ကွက် ထက်ဝေယံကားဂိတ်၌ မော်တော် ယာဉ်သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် အဝတ်အထည်မျိုးစုံ အထည် ၁၂၀၀၊ Hyundai မော်တော်ယာဉ် ဘေးတံခါး သုံးခု၊ Santoor ဆပ်ပြာခွက် ၇၃၄၄ ခု၊ Roble Zayco ပါပလာခြောက် ၂၂၅၀ ကီလိုဂရမ်၊ Betnovate-Gm Cream အရေပြားလိမ်းဆေးဘူး ၆၄၀၀၊ Bolt ၇၅၀ ကီလိုဂရမ်၊ Fruit Juice ဖျော်ရည်အဆီ ပုလင်း၂၄၀၊ K.DYNARY ဆပ်ပြာဘူး ၁၉၂၀၊ Brand ငှက်သိုက် ဘူး ၁၉၂၀၊ Beatess Candy ချိုချဉ် ၁၅၇၅ ဘူး၊ စောင် (Blanket) ၁၇၀ ကီလို ဂရမ်၊ Diclofenac Sodium & Paracetamol Tablets ဆေးဝါး ၂၄၄၈ ဘူး၊ ယာဉ်အပိုပစ္စည်းဖြစ်သည့် Major Gas Ket အခု ၃၀ နှင့် Vatika ခေါင်းလျှော် ရည်တွဲ ၆၀၈ ဖာ အပါအဝင် ကုန် ပစ္စည်း ၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၂၉၃၀၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီးနှင့် စက်မှုဇုန်ထုတ် NIDI Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၂၉၃၀၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၇၁၄ တန် နှင့် သစ်မာ ၂ ဒသမ၂၉၉ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၆၄၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့ နတ်လူ ထိပ်ပန်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန် ၁၆၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၆၄၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ မုံရွာမြို့ အလုံရပ်ကွက် မုံရွာ-ဘုတလင် ကားလမ်းမကြီးအနီး၌ လိုင်စင်မဲ့ Toyota Noah မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၆၄၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ကရင် ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ ကစင်ကျေးရွာအနီး၌ မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့်ပန်းသီး ၂၁၆၀ ကီလိုဂရမ်၊ လိမ္မော်သီး ၂၁၇၅၀ ကီလိုဂရမ်၊ လေချူသီး ၄၈၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး၊ Nissan Diesel Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဂိုဒေါင်များနှင့် စတိုး ဆိုင်များ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် ပုဇွန်နှစ်ကောင် စားဆီနှစ်လီတာပါ ဘူး ၃၀၀ နှင့် တစ်လီတာပါဘူး ၇၈၀၊ Brand ငှက်သိုက် ၃၈၄ ပုလင်း၊ Dynamite လိမ္မော်ချိုချဉ်ခုနစ်ထုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၆၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၄၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် မကွေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၅ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၁၉၉၃၆၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်