
နေပြည်တော် အောက်တိုဘာ ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် ရွှေညောင်-တောင်ကြီး ရထားလမ်း အဆင့်မြှင့်တင်ခြင်း နှင့် နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းသစ် ဖောက်လုပ် ရေး စီမံကိန်းလုပ်ငန်းများ ရာနှုန်း ပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်က တောင်ကြီးဘူတာ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ခရီးသွား ပြည်သူများ တောင်ကြီးမြို့၏သာယာလှပသော ရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ရထား ခရီးစဉ်ကို ယနေ့တွင် အခမဲ့ ပြေးဆွဲပေးခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင်လည်း ထပ်မံပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင် ကွာဝေးပြီး ပြေးဆွဲချိန် တစ်နာရီခွဲခန့် ကြာမြင့် ၍ လမ်းခရီးတွင် ဘဝသံသရာ အဝိုင်းအနီးဝန်းကျင်ရှိ သဘာဝ ရှုခင်းအလှများကို ကြည့်ရှုခံစား နိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ် ရပ်တန့်ပေးကာ ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် တွဲရွှေ့ပြုလုပ် ချိန် တစ်နာရီ ရပ်တန့်ပေးခဲ့သည်။ ပြေးဆွဲသည့် ရထားတွဲဆိုင်း မှာ မြင်းကောင်ရေအား ၂၀၀၀ စက်ခေါင်းဖြင့် အထက်တန်း နှစ်တွဲ၊ ရိုးရိုးတန်း သုံးတွဲနှင့် ရထားထိန်းတွဲတစ်တွဲ တို့ဖြင့် ပြေးဆွဲ ပေးခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်၌ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ တောင်ကြီး အခြေစိုက် ခရီးသွားကုမ္ပဏီများ ဖြစ်သည့် Eastern Breeze Co;Ltd နှင့် Silver Mountain UTZ Co;Ltd တို့မှ တာဝန်ရှိသူများ၊ ကလောအခြေစိုက် ခရီးသွား ကုမ္ပဏီများဖြစ်သည့် Phone Nyan Co;Ltd တို့မှ တာဝန်ရှိသူ များနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်း ၂၂၅ ဦး လိုက်ပါ စီးနင်းခဲ့ကြောင်း သိရသည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ တောင်ကြီး - ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် နှုန်းထားသတ်မှတ်ပြီး ပြေးဆွဲပေး ရန်စီစဉ်ထားရှိပြီး ခရီးသွား ကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ရထားအဆိုင်း လိုက်(တစ်စင်းလုံး) ငှားရမ်းလိုပါက လည်း စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်၍ စိတ်လက်အေးချမ်း ပျော်ရွှင်စွာ ရထားစီးပြီး အပန်းဖြေသွားလာနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရ သည်။
သတင်းစဉ်