
လင်းလက်ကြယ်
သွေးလွန်တုပ်ကွေးရောဂါဆိုတာ ခြင်မှတစ်ဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတွေအနက် အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူတစ်ဦးမှတစ်ဦးကို ရောဂါပိုးရှိတဲ့ အေးဒီးစ်ခြင်ကိုက်ခြင်းမှ ကူးစက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ရာသီတုပ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူလေ့ရှိသော်လည်း ရက်ရှည်လာပါက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ သိသိသာသာပြသလာနိုင်ပါတယ်။
လူကြီးတွေမှာလည်း ကူးစက်ဖြစ်ပွားနိုင်
သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားမှုဟာ ကလေးငယ်တွေမှာ အဖြစ် များပြီး လူကြီးတွေမှာလည်း ကူးစက် ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလာပါက ကိုယ်ပူကြီးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိမျက်ရိုး ကိုက်ခြင်း၊ အဆစ်အမျက်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အနီစက်များထွက် ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနဲ့ နုံးချည့်အားနည်းခြင်းစတဲ့ ရောဂါ လက္ခဏာတွေ ပြတတ်ပါတယ်။
ကူးစက်ဖြစ်ပွားမှု အလွန်မြင့်တက်နေ
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ယခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားမှု အလွန်မြင့်တက်နေတာ တွေ့ရ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၀၀ ပြည့် နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသေအပျောက် အများဆုံး ရောဂါဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရတာ လည်း ဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်မှာ
၁၂၄၆ ဦးအထိရှိလာ
ယခုနှစ် အောက်တိုဘာ ၂၁ ရက် အထိ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု အထွေထွေညွှန်ကြားမှုဦးစီးဌာန (ဒီဂျီ အိတ်ချ်အက်စ်) ရဲ့ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသမှုခံယူရသူ အရေ အတွက်ဟာ ၂၅၂၉၉၀ ရှိပြီး အဆိုပါရောဂါ ကြောင့် သေဆုံးသူအရေအတွက်မှာ လည်း ၁၂၄၆ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
ယခင်နှစ်ကသေဆုံးသူ
အရေအတွက်ကို ကျော်လွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင်နှစ်တွေ ကလိုပင် သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားမှုကို နွေရာသီ (ဧပြီ-မေ) မှ စတင် ဖြစ်ပွားခဲ့ပြီး မုတ်သုံရာသီ (ဇူလိုင်-ဩဂုတ်) အကြားမှာ တစ်နိုင်ငံလုံး ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု မြင့်တက်လာ ခဲ့ပါတယ်။
ဩဂုတ် ၃ ရက်မှာ သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ယခင်နှစ်က သေဆုံး သူအရေအတွက်ကို ကျော်လွန်ခဲ့တယ်။
ဒါ့အပြင် ဩဂုတ် ၂၁ ရက်မှာ ၂၀၁၉ ခုနှစ်က စံချိန်တင်ဆေးရုံတက်ရောက် ကုသမှုခံယူသူအရေအတွက်ကို ကျော်လွန် ခဲ့တယ်။ ဇူလိုင် ၂၅ ရက်မှာ နိုင်ငံအတွင်းရှိ ခရိုင်အားလုံးမှာ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတင်ထားရကြောင်း အစီရင်ခံဖော်ပြလာပါတယ်။
အဆိုးရွားဆုံးအခြေအနေ
နိုင်ငံရဲ့မြို့တော် ဒါကာကတော့ ရောဂါကူးစက်ဖြစ်ပွားမှု ထက်ဝက်ကျော် ရှိတဲ့အတွက် အဆိုးရွားဆုံးအခြေအနေ မှာ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်ရာသီ မှာ DENV-2 နဲ့ DENV-3 မျိုးကွဲများကို ကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကူးစက် ရောဂါထိန်းချုပ်ရေးနဲ့ သုတေသန အင်စတီကျု (အိုင်အီးဒီစီအာရ်)က ဇွန်လ အတွင်းမှာ အစီရင်ခံ ဖော်ပြထားပါတယ်။ အဲဒီ မျိုးကွဲနှစ်မျိုးက ကူးစက်မှုနဲ့ သေဆုံး မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြန်လည်သက်သာလာသူ ၂၄၃၆၃၀ ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန် တုပ်ကွေးရောဂါသံသယရှိသူ အရေ အတွက်မှာ ၇၅၀၀၀၀ ရှိကြောင်း၊ ဆေးရုံ တက်ရောက် ကုသမှုခံယူသူအရေအတွက် မှာ ၂၅၂၉၉၀ ရှိကြောင်းနဲ့ ရောဂါဖြစ်ပွား မှုမှ ပြန်လည်သက်သာလာသူ ၂၄၃၆၃၀ ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာ ဆိုရင်လည်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတာ တွေ့ရတယ်။ ယခုနှစ် အစပိုင်းမှစတင်ကာ အောက်တိုဘာ ၁၇ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၉၉၆၃၉ ဦး အထိ ရှိလာကြောင်း ဗီယက်နမ်ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။
သေဆုံးသူ ၂၇ ဦးအထိရှိ
ဒါ့အပြင် အဲဒီရောဂါကြောင့် သေဆုံး သူအရေအတွက်မှာလည်း ၂၇ ဦးအထိ ရှိလာပါတယ်။ ဗီယက်နမ်နိုင်ငံ၌ ရောဂါ ကူးစက်ဖြစ်ပွားမှု တစ်ပတ်ထက်တစ်ပတ် ကျဆင်းလာပေမယ့် နိုင်ငံရဲ့မြို့တော် ဟနွိုင်းမှာတော့ ရောဂါကူးစက်ဖြစ်ပွား သူအရေအတွက်မှာ ကျဆင်းတဲ့ အရိပ် အယောင်မတွေ့ရသေးပါဘူး။
ယခုနှစ် စက်တင်ဘာလကုန် နောက်ပိုင်းကတည်းက ဟနွိုင်းမြို့မှာ ရောဂါဖြစ်ပွားကူးစက်မှုနှုန်းမှာ လျင်မြန် စွာမြင့်တက်လာကြောင်း၊ သီတင်း တစ်ပတ်လျှင် ရောဂါဖြစ်ပွားသူ ၂၅၀၀- ၂၆၀၀ ဝန်းကျင်ရှိပြီး စက်တင်ဘာလ ပထမသီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ဆ မြင့်တက်လာကြောင်း သိရပါတယ်။
သုံးဆမြင့်တက်လာ
ယခုနှစ်အစောပိုင်းမှ စတင်ကာ မြို့တော်ဟနွိုင်းမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၀၅၄၈ ဦးရှိပြီး ပြီးခဲ့တဲ့ အလားတူကာလနဲ့ နှိုင်းယှဉ်ပါက သုံးဆ မြင့်တက်လာတယ်လို့ နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ အကျယ်တဝင့် ဖော်ပြထားတာ တွေ့ရပါတယ်။
လာအိုနိုင်ငံမှာ သွေးလွန်တုပ်ကွေး
ရောဂါကြောင့် သေဆုံးသူပေါင်း ၁၈ ဦးရှိ
အာဆီယံဒေသတွင်း နောက်ထပ် တစ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကိုကြည့်ရင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံး သူပေါင်း ၁၈ ဦးအထိ ရှိလာပြီဖြစ်ပါ တယ်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် နောက်ဆုံးသေဆုံးသူဟာ အသက် ခုနစ်နှစ်အရွယ်ကလေးငယ်တစ်ဦး ဖြစ် ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာန က အတည်ပြုပြောပါတယ်။ ယခုနှစ် အတွင်း လက်ရှိအချိန်အထိ ရောဂါ ကူးစက်ဖြစ်ပွားသူ အရေအတွက်မှာ ၃၀၈၅၃ ဦးအထိရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်နဲ့ ပညာရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးအရေအတွက်မှာ အော့ဒွန်ဇေ ပြည်နယ်မှဖြစ်ပြီး လူပေါင်း ၅၂၉၃ ဦး ရှိကြောင်း အဲဒီထုတ်ပြန်ချက်အရ သိရ ပါတယ်။ အဲဒီနောက်မှာ လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းက အများဆုံး ဖြစ်ပြီး လူပေါင်း ၄၆၂၁ ဦး ရှိပါတယ်။ ၎င်းနောက်မှာ ခမ်မူအန်းပြည်နယ်က အများဆုံးဖြစ်ပြီး လူပေါင်း ၃၇၄၂ ဦး ရှိပါ တယ်။
ကာကွယ်ရေးစံနှုန်းတွေကိုလိုက်နာသင့်
မုတ်သုံရာသီကုန်ဆုံးရန် နီးကပ်လာ သော်လည်း နေ့စဉ်နဲ့အမျှ ရောဂါကူးစက် ဖြစ်ပွားသူ မြင့်တက်နေတဲ့အတွက် သွေး လွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စံနှုန်းတွေကို ဆက်လက်လိုက်နာသင့် ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
အကောင်းဆုံးကာကွယ်နည်း
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တဲ့ နည်းလမ်းဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေး အတွက် ခြင်ကိုက်မခံရအောင် နေထိုင် ခြင်းမှာ အကောင်းဆုံးကာကွယ်နည်း ဖြစ်ပါကြောင်းနဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်အန္တရာယ်ရှိတဲ့ အတွက် သွေးလွန်တုပ်ကွေးသံသယ ရှိပါက လူကြီးလူငယ်မရွေး ဆေးရုံ ဆေးခန်းတွေကို ချက်ချင်းသွားရောက် ပြသသင့်ပါကြောင်း ရေးသားလိုက် ရပါတယ်။ ။
ကိုးကား- အင်တာနက်