
နေပြည်တော် အောက်တိုဘာ ၂၇
အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) “Conference on Science and Technology Development – 2023 ” ကို အောက်တိုဘာ ၂၆ ရက်မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီး များ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော သင်တန်းသား အရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ကိုယ်တိုင်လာရောက်စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နှစ်ရက်တာ ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း ဖိတ်ကြားထားသော နိုင်ငံခြားသားပညာရှင် (Keynote Speaker) စာတမ်း လေးစောင် အပါအဝင် စုစုပေါင်းသုတေသနစာတမ်း ၁၂၃ စောင် ဖတ်ကြားနိုင်ခဲ့ပြီး ပိုစတာ ၂၃ စောင်ကို ပြသနိုင်ခဲ့သည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) တွင် အကောင်းဆုံးစာတမ်းဆု ခုနစ်ဆုနှင့် အကောင်းဆုံးပိုစတာ ဆု နှစ်ဆုကို တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ် တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တို့က ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အမှာစကားပြောကြားပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့် (၂၀၂၃) အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်