ပိတ်ဆို့မှုတွေကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ အခက်အခဲတွေ ကြုံတွေ့နေရဆဲဖြစ်တဲ့ ငလျင်ဘေးဒဏ်ခံ အာဖဂန်ပြည်သူများ

 

နှင်းမိုးအိမ်

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံတွေထဲမှာ မိုဟာမက်တို့မိသားစုလည်း အပါအဝင်ပါပဲ။ မိုဟာမက်တို့ မိသားစုခြောက်ယောက်ကတော့ ဟင်းလင်း ပြင်မှာ ဆောင်တစ်ထည်တည်းကို အတူခြုံနေကြရပါတယ်။
 

ပြန်လည်ထူထောင်ရေးမှာ ထိခိုက်မှုတွေဖြစ်စေ


အာဖဂန်နစ္စတန်ရဲ့ပိုင်ဆိုင်မှုတွေကို အမေရိကန် က ထုတ်ယူလို့မရအောင် ပိတ်ဆို့ထားတဲ့အတွက်  ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မှာ  ထိခိုက်မှုတွေဖြစ်စေတယ်လို့  မိုဟာမက်တို့ မိသားစုကလက်ခံထားပါတယ်။ အာဖဂန်စ္စတန်နိုင်ငံ ဟာ မကြာသေးမီ အချိန်အတွင်းကမှ ဆယ်စုနှစ် များစွာအတွင်းမှာ အဆိုးရွားဆုံး ငလျင်လှုပ်မှုနှင့် တွေ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်က  ဟီရတ်ပြည်နယ်မှာလှုပ်သွားတဲ့    ငလျင် ဟာဆိုရင် ပြင်းအား  ၆ ဒသမ ၃   မဂ္ဂနီကျူရှိပြီး လူထောင်နဲ့ချီပြီးအသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ပါ တယ်။


နေအိမ်တွေပျက်စီးဆုံးရှုံး 


ငလျင်ပြီးသွားတာတောင်      ဘဝအတွက် မျှော်လင့်ချက်တွေ ပြိုလဲလုနီးနီးပါပဲလို့ အသက် ၄၀ အရွယ်  ကျေးရွာသားတစ်ဦးဖြစ်တဲ့ မိုဟာမက် က ပြောပါတယ်။ ဟီရတ်ပြည်နယ် ဇင်ဒါဂျန်  ခရိုင် အတွင်းက ကျေးရွာအများအပြားမှာ ငလျင်ဒဏ် ကြောင့်   နေအိမ်တွေ   ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ကတော့ ချမ်းအေး တဲ့ ရာသီဥတုကို အန်တုပြီး အမိုးအကာမရှိ ဟင်းလင်း ပြင်မှာ ဖြစ်သလိုနေထိုင်ရတော့တာပါပဲ။


နေအိမ်တွေပြန်ဆောက်ရဦးမည်


 ကုလသမဂ္ဂကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာငါးသန်း  ခွင့်ပြု ပေးခဲ့ပါတယ်။  ပါကစ္စတန်၊  အီရန်၊  တူကီယဲနဲ့ တရုတ်နိုင်ငံတို့ကလည်း အစားအသောက်၊ ဆေးဝါး နဲ့  စောင်တွေ၊ ရွက်ဖျင်တဲတွေအပြင် ဘဏ္ဍာရေး ဆိုင်ရာအကူအညီတွေပါ ပေးခဲ့ပါတယ်။ 
ငလျင်ဘေးဒဏ်ခံဒေသမှာ အလှူရှင်နိုင်ငံတွေနဲ့ အကူအညီပေးရေးအေဂျင်စီတွေကနေ လှူဒါန်းတဲ့  ရွက်ဖျင်တဲတွေ အမိုးအကာတွေ ရရှိပေမယ့်လည်း ငလျင်ဘေးဒဏ်ခံ    မိသားစုတွေအနေနဲ့ကတော့  သူတို့ရဲ့နေအိမ်အဆောက်အအုံတွေကို ပြန်လည် ဆောက်လုပ်ရဦးမှာပါပဲ။ 
“အမေရိကန်ကတော့    အာဖဂန်နစ္စတန်က ပိုင်ဆိုင်တဲ့ ပိုက်ဆံတွေကို ပိတ်ဆို့ထားပြီး ထုတ်ယူ ခွင့်ပြုဖို့  ငြင်းဆန်ထားပါတယ်။   ပိုက်ဆံတွေသာ ထုတ်ယူခွင့်ရမယ်ဆိုရင်  ကျွန်တော်တို့ အိမ်တွေ ပြန်ဆောက်တဲ့နေရာမှာ အသုံးပြုလို့ရတာပေါ့” လို့ မိုဟာမက်က ပြောပါတယ်။ 


ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ထား  


အမေရိကန်ရဲ့လုပ်ရပ်တွေဟာ တရားမျှတမှု မရှိဘူးလို့ သူကဆက်ပြောပါတယ်။ စစ်ဒဏ်ခံနေရ တဲ့   အာဖဂန်နစ္စတန်နိုင်ငံကနေ    အမေရိကန် ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေ    ထွက်ခွာသွားပြီးတဲ့ နောက် အာဖဂန်နစ္စတန်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ အမေ ရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို အမေရိကန်က ထုတ်ယူခွင့်မပေးဘဲ ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ထားပါတယ်။  
တာလီဘန်တွေဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုနောက်ထပ်ဖိအားတွေပေးဖို့ အမေရိကန် မှာ  ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတုန်းက ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေဆီ  အမေရိကန်ဒေါ်လာ  ၃ ဒသမ ၅ ဘီလီယံကို   ခွဲဝေချထားပေးဖို့   အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့နှစ် ဖေဖော် ဝါရီလအတွင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ 


ဒုက္ခတွေပိုမိုခံစားရ


နောက်ထပ်ဒေသခံတစ်ဦးဖြစ်တဲ့ ဒါဝုဒ်ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့်  နဂိုကတည်းကမှ အခက်အခဲအကျပ်အတည်းတွေနဲ့   ကြုံတွေ့နေရတဲ့ ငလျင်ဘေးဒဏ်ခံမိသားစုတွေအတွက် နောက်ထပ် ဒုက္ခတွေ ပိုမိုခံစားစေရတယ်လို့ သူ့ရဲ့ ထင်မြင်ချက် ကို ပြောပါတယ်။
ငလျင်ဘေးကနေ အသက်ရှင်ကျန်ရစ်သူတွေ အတွက်  နောက်ထပ်အခက်အခဲကတော့  ရာသီဥတု က   တဖြည်းဖြည်းနဲ့   အေးလာပြီဖြစ်ပေမယ့်လည်း  ဟင်းလင်းပြင်ကြီးမှာ နေထိုင်နေရတုန်းပါပဲ။  အေးခဲ လှတဲ့ဆောင်းတွင်းကလည်း တဖြည်းဖြည်း နီးကပ် လို့လာနေပါပြီ။ နှင်းမကျခင် မိသားစုတိုင်း မိသားစု တိုင်း ခိုလှုံရာနေရာတွေ လိုအပ်လာပါပြီ။ 
“အမေရိကန်ပြည်ထောင်စုဟာ      အာဖဂန် ပိုင်ဆိုင်တဲ့ငွေကြေးတွေကို    ထုတ်ယူခွင့်မရအောင်   ပိတ်ဆို့ထားတယ်၊   အဲဒီအတွက်ကြောင့်ပဲ   နဂို ကတည်းကမှ   ထိခိုက်မှုတွေများနေတဲ့ နိုင်ငံအပေါ်   နောက်ထပ်ဒုက္ခတွေ ပိုပိုပြီးတိုးလာစေပါတယ်” လို့ ဒါဝုဒ်က ပြောပါတယ်။ 


၁၀၀ ရာခိုင်နှုန်း ဆိုးကျိုးတွေသက်ရောက် 


ဒါဝုဒ်ကတော့  မိသားစုဝင်ငါးဦးကို ဆုံးရှုံးထား ရတဲ့သူလည်း ဖြစ်ပါတယ်။ အခုလို ပိတ်ဆို့မှုတွေ ကြောင့် ၁၀၀ ရာခိုင်နှုန်း ဆိုးကျိုးတွေပဲ သက်ရောက် စေတယ်လို့ သူက ဆက်ပြောပါတယ်။ အုတ်၊ ဘိလပ် မြေ၊ သစ်သားနဲ့ အခြားသောအိမ်ဆောက်ပစ္စည်းတွေ အကုန်လုံးဈေးတက်နေပြီး အာဖဂန်နိုင်ငံသားတွေတတ်နိုင်တဲ့ဈေးထက် ပိုပြီးများနေတယ်လို့  သူက ဆက်ပြောပါတယ်။ 
ငလျင်အပြီး     ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ပိတ်ဆို့မှု တွေအကြောင်းပြောတဲ့အခါ  “အမေရိကန်ပဲဖြစ်ဖြစ် တခြား ဘယ်နိုင်ငံပဲဖြစ်ဖြစ်  အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့မှုတွေချမှတ်တာဟာဆိုရင်  သာမန်အရပ်သား ပြည်သူတွေအပေါ် ပြစ်ဒဏ်ပေးတာနဲ့အတူတူပါပဲ” လို့ ဟီရတ်ပြည်နယ်အစိုးရ  ပြောရေးဆိုခွင့်ရှိသူ နီဆာအာမက်အီလီအက်စ်က ပြောပါတယ်။


သေဆုံးသူ ၂၀၀၀ ကျော်ရှိ 


 တာလီဘန် အရာရှိတွေရဲ့ပြောကြားချက်အရ အာဖဂန်နစ္စတန်မှာ အောက်တိုဘာ ၇ ရက်က ငလျင် ကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။  ငလျင်ရဲ့ဗဟိုချက်မကတော့ ဇင်ဒါဂျန်ခရိုင်ဖြစ်ပြီး ခရိုင်အတွင်း လူပေါင်း   ၁၂၉၄  ဦး သေဆုံးကာ ၁၆၈၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 
နေအိမ်တိုင်း နေအိမ်တိုင်း ပျက်စီးခဲ့ရပါတယ် လို့   ကုလစာရင်းဇယားတွေအရ    သိရပါတယ်။  သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ကလေးတွေပဲ ဖြစ်ပါတယ်။ 


အခက်အခဲများစွာနဲ့ရုန်းကန်နေရဆဲ


ဟီရတ်ပြည်နယ် အနီးတစ်ဝိုက်မှာ ပျက်စီးဆုံးရှုံး မှုတွေက ထင်ထားတာထက် ပိုပြီးဆိုးရွားပါတယ်။ ကျေးရွာတွေလည်း   မြေစာပုံအဖြစ်   ပြောင်းသွား တယ်။   ကျောင်းခြောက်ကျောင်းလည်း  ပျက်စီး သွားတယ်။ ကလေးစောင့်ရှောက်ရေးစင်တာ သုံးခု၊ ရပ်ရွာအခြေပြု စာသင်ခန်းနှစ်ခုလည်း ပျက်စီးသွား ပါတယ်လို့   အာဖဂန်လခြမ်းနီအဖွဲ့က   အတည်ပြု ပြောခဲ့ပါတယ်။ 
အခုဆိုရင်တော့   အပျက်အစီးတွေ၊  အသုဘ အခမ်းအနားတွေအပြင် ဖုန်ထူထပ်တဲ့ တောင်ကုန်း တွေနဲ့ ကျေးရွာအနည်းငယ်သာ ကျန်ပါတော့တယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေအဖို့မှာလည်း ဆုံးရှုံး သွားတဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းလွမ်းဆွတ် ရခြင်းအပြင်   နေထိုင်စရာအခက်အခဲ၊     အခြား သောအခက်အခဲများစွာနဲ့  ရုန်းကန်ရင်ဆိုင်နေရဆဲ ပါပဲ။

ကိုးကား - သည်ဂါးဒီးယန်း၊ ဆင်ဟွာ