
နေပြည်တော် အောက်တိုဘာ ၁၉
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ Hotel Amara ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများမှ ဘာသာ ရပ်ပို့ချမည့်သူများ၊ ဖိတ်ကြားထား သူများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်း များမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်း ဆောင် ရွက်မှု အသိပညာ၊ ဗဟုသုတများ ရရှိပြီး အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ပါ လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ရာတွင် အထောက်အကူ ဖြစ်စေရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ဘာသာရပ်အမျိုးအစား ၁၁ မျိုး ကို သက်ဆိုင်ရာ ဌာန/အဖွဲ့ အစည်းများက ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း၊ သင်တန်းသဘောမျိုး မဟုတ်ဘဲ အပြန်အလှန် အတွေ့ အကြုံဖလှယ်သည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်း၌ ဘာသာရပ်များ ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင် တို့မှ တာဝန်ရှိသူများက ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်း တက်ရောက်ခြင်းဖြင့် အမျိုးသား အဆင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်း တာဝန်များနှင့် လုပ်ငန်းစီမံချက်၏ ဆောင်ရွက်ချက်များကို သိရှိ နားလည်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ပိုမိုအထောက် အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်