
ပရီမီယာလိဂ်ပွဲစဉ် (၈)မှ စနေနေ့ ည ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့သည့် လူတန်နှင့် စပါးအသင်းပွဲစဉ်တွင် စပါးအသင်းက တစ်ဂိုး - ဂိုး မရှိဖြင့် နိုင်ပွဲရရှိပြီး ရှုံးပွဲမရှိ မှတ်တမ်းဆက်လက်ပိုင်ဆိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကို လူတန်အသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၁၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ပွဲချိန် ၄၅ မိနစ်တွင် ဘစ်ဆောမာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့် အတွက် လက်ကျန် ပွဲချိန်များကို စပါးအသင်းက တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ သို့သော်လည်း လူတန်အသင်းသည် တစ်ယောက် လျော့ စပါးအသင်းကို အသာစီးမှ ကစားနိုင်ခြင်းမရှိဘဲ စပါးအသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကိုသာ ပွဲချိန်အများစု ခုခံကာကွယ်ခဲ့ရသည်။
စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၂ မိနစ်တွင် ရရှိခဲ့ပြီး မက်ဒီဆင်၏ ဖန်တီးမှုကို ဗန်ဒီဗင်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ မက်ဒီဆင်သည် ယခုပွဲစဉ်တွင် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည့်အတွက် ယခုနှစ်ရာသီတွင် ဂိုးဖန်တီးမှု ငါးကြိမ်အထိ ရှိလာပြီ ဖြစ်သည်။ ဒုတိယပိုင်းတွင် လူတန် အသင်း၏ ကစားပုံတက်လာသော်လည်း ချေပဂိုးရရှိသည်အထိ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။
အခြားသော ပွဲစဉ်ရလဒ်များတွင် ချယ်ဆီးက ဘန်လေကို လေးဂိုး-တစ်ဂိုး၊ အဲဗာတန်က ဘုန်းမောက်ကို သုံးဂိုးပြတ်၊ မန်ယူက ဘရန့်ဖို့ဒ် ကို လူစားဝင်ကစားသမား တွန်မီနေး၏ နောက်ကျသွင်းဂိုးများနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်