
ယဉ်လာဒ်
စာရေးသူတို့ရဲ့နိုင်ငံဟာ အလွန်လှပတဲ့မြေပေါ်မှာ တည်ရှိပါတယ်။ မြန်မာပြည်မြေပုံရဲ့ အောက်ဘက်အစွန်ဆုံးဟာ ကော့သောင်း မြို့လေးဖြစ်ပြီး မြို့နယ်အတွင်းမှာ ကျွန်းပေါင်း ၈၀၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ လက်ညှိုးထိုးမလွဲ လှပတဲ့ကျွန်းစုတွေကို ပိုင်ဆိုင်ထားတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ကော့သောင်းမြို့နယ်ကို ခရီးသွားဧည့်သည်တွေ ရွေးချယ်သွားရောက်နေကြပါပြီ။
Luxury ဆန်သောမြို့
ကော့သောင်းမြို့ခရီးစဉ်ဟာ ကားလမ်း ထက်စာရင် လေယာဉ်နဲ့မှသာ အလွယ် ရောက်နိုင်တာမို့ တခြားခရီးစဉ်တွေထက် ပိုပြီး ကုန်ကျစရိတ် များပြားပေမယ့် စရိတ် ကုန်ကျရကျိုးနပ်စေတဲ့အထိ စိတ်ကျေနပ်မှုရရှိစေတဲ့ ခရီးစဉ်တွေလို့ လည်း ဆိုရပါမယ်။ စာရေးသူကတော့ ကော့သောင်းမြို့ကို Luxury ဆန်သော မြို့လို့ တင်စားချင်ပါတယ်။
နယ်စပ်မြို့လေးဖြစ်တဲ့ ကော့သောင်း မြို့ကိုရောက်ပြီဆိုရင် Andaman ပင်လယ်ကြီးကို တစ်မျှော်တစ်ခေါ်မြင်ရပြီး ပင်လယ်ပြင်ကြီးထဲမှာ သွားလာနေတဲ့ ရှပ်ပြေးရေယာဉ်တွေ၊ ထိုင်းနိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ ရနောင်းဘက်ကိုကူးမယ့် သမ္ဗန်ငယ်လေးတွေ စုန်ချီဆန်ချီနဲ့ သွားလာနေကြတာတွေကို ကြည့်ရတာဟာ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုမျိုး ခံစားမိစေမှာ ဖြစ်ပါတယ်။
ပင်လယ်ကျွန်းခရီးစဉ်များ
မြန်မာနိုင်ငံရဲ့ အလှပဆုံးကျွန်းများလို့ တင်စားရတဲ့ 115 ကျွန်း၊ ဟန်းနီးမွန်းကြီး ကျွန်း၊ ငါးမန်းကျွန်း၊ Pulo Balu ကျွန်း၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ တာရာ ကျွန်း၊ ကြက်မောက်ကျွန်း၊ သူဌေးကျွန်း စတာတွေဟာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ အဓိကသွားရောက် လည်ပတ်ကြတဲ့ကျွန်းတွေ ဖြစ်ကြပါတယ်။ ကော့သောင်းရောက်ပြီဆိုရင် ခရီးသွား ဧည့်သည်အများစုက ကယက်လှေလှော် ခြင်းနဲ့ ရေငုပ်ပြီး ရေအောက်ရှုခင်းများ ကြည့်ခြင်း (Snorkelling) ကို အဓိက ပြုလုပ်ကြလေ့ရှိကြပါတယ်။ ဒါ့အပြင် ညောင်ဦးဖီးကျွန်းနဲ့ ကျွန်းဖီလာကျွန်း တွေဆီကိုလည်း သွားရောက်လည်ပတ် ကြပါတယ်။ ရေအောက်က သန္တာ ကျောက်တန်းတွေကို Snorkelling လုပ်ပြီး ကြည့်ရတဲ့ခံစားမှုကို သဘောကျ နှစ်ခြိုက်ကြတာမို့ အများစုက ကော့သောင်းကို လာရောက်လည်ပတ်ကြ လေ့ရှိကြပါတယ်။
ရနောင်းမြို့ခရီးစဉ်
ကော့သောင်းမြို့ကိုရောက်တဲ့ ခရီး သွားအများစု မဖြစ်မနေသွားကြတဲ့ ခရီးစဉ်တစ်ခုကတော့ ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့ကို တကူးတက သွားရောက်လည်ပတ်ကြ ခြင်းဖြစ်ပါတယ်။ ပြည်တွင်းခရီးသွား အများစုအနေနဲ့ ကော့သောင်းမြို့မှာ လည်ပတ်ပြီး ရနောင်းမှာ စျေးဝယ်ကြပါ တယ်။ လည်ပတ်စရာတွေက များပြား တာမို့ သုံးညအိပ်လောက်မှသာ ကောင်းကောင်းလည်ပတ်လို့ရပါတယ်။
ကော့သောင်းမြို့ရဲ့ အထင်ကရနေရာ တွေကို လည်ပတ်ပြီးရင် ရနောင်းမြို့ထဲက ခရီးသွားနေရာတွေကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ ခရီးသွားတချို့ ကတော့ ရနောင်းမြို့ကို နေ့ချင်းပြန် လည်ပတ်ကြသလို ညအိပ်သွားရတဲ့ ခရီးစဉ်တွေကိုလည်း သွားရောက်ကြလေ့ ရှိတယ်လို့ ကော့သောင်းအခြေစိုက် ဖွင့်လှစ်ထားတဲ့ Coral Fish Travels & Tours မှ တာဝန်ရှိသူတစ်ဦးက စာရေးသူကို ပြောပါတယ်။
ရနောင်းဘက်ကိုကူးတဲ့ သမ္ဗန်ငယ် တွေကိုမစီးခင် နယ်စပ်ဖြတ်ကျော်တဲ့ နယ်စပ်ဖြတ်ကျော်စာအုပ် (Temporary Border Pass) လေး လုပ်ရပါတယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိတဲ့သူတိုင်း ဒီစာအုပ်လေးကို ဘတ်၁၀၀၀ ဝန်းကျင် ပေးပြီး လုပ်ထားမယ်ဆိုရင် ထိုင်းနိုင်ငံ ရနောင်းမြို့ထဲမှာ ခုနစ်ရက်နေထိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ရနောင်းဘက်ကို ကူးမယ်ဆိုရင် စက်လှေခ လူတစ်ဦးကို ဘတ် ၁၀၀ ယူပြီး စင်းလုံးငှားမယ်ဆိုရင် တော့ ဘတ် ၇၅၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။
ကော့သောင်းမြို့ကနေ အသွားအပြန် နှစ်နာရီကျော် သွားရောက်ရုံနဲ့ Private ဆန်ဆန် သီးသန့်အနားယူနိုင်တဲ့ Baan Rai I Arun လို့အမည်ရှိတဲ့ အပန်းဖြေ ရီဆော့ကိုရောက်တာမို့ နေ့ချင်းပြန် သွားရောက်ကြတဲ့ ခရီးသွားတွေရှိကြ တယ်လို့ဆိုပါတယ်။ ကော့သောင်း-ရနောင်း နေ့ချင်းပြန်ခရီးစဉ်ကို စရိတ် ငြိမ်း ဘတ်၂၅၀၀ ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ရနောင်းမြို့ထဲ တစ်ညအိပ်ခရီးစဉ်ကတော့ စရိတ်ငြိမ်း ဘတ် ၃၂၀၀ ဝန်းကျင်ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ဈေးနှုန်းတွေဟာ ခရီးသွားကုမ္ပဏီအများစု က ရောင်းချနေတဲ့ ခရီးစဉ်ဖြစ်ပြီး လူကြိုက်အများဆုံး သွားရောက်ကြတဲ့ ခရီးစဉ်လို့တောင် ဆိုရမှာဖြစ်ပါတယ်။ ရနောင်းမြို့ထဲမှာ ခရီးသွားအများစု သွားကြတာကတော့ Big C ကုန်တိုက်၊ Lotus ကုန်တိုက်၊ ရနောင်းရေပူတွင်း၊ ငါးကန်နဲ့ ဘုန်းကြီးကျောင်း၊ မိကျောင်းကန်၊ မီးမလောင်ဘုန်းကြီးကျောင်းတို့ ဖြစ်ပါ တယ်။
သဘာဝအခြေခံ အပန်းဖြေရီဆော့
‘‘အခုတလောကတော့ ရနောင်းမြို့ ထဲမှာ သဘာဝကိုအခြေခံထားပြီး Private ဆန်ဆန် အနားယူနိုင်တဲ့ အပန်းဖြေ ရီဆော့ကို သွားကြတာများလာပါတယ်။ အနားယူဖို့သက်သက် လာချင်တဲ့ခရီး သွားတွေအတွက်တော့ အဆင်ပြေတဲ့ အပန်းဖြေရီဆော့တစ်ခုပါ။ ဒီရီဆော့ထဲမှာ ကော်ဖီဆိုင်နဲ့စားသောက်ဆိုင်ပါ တွဲဖွင့် ထားတာမို့ အနားယူချင်တဲ့ ခရီးသွားတွေ အတွက် နှစ်ခြိုက်စေမှာ ဖြစ်ပါတယ်။ ကော့သောင်းဒေသခံတွေကတော့ နေ့ချင်း ပြန်သွားပြီး ဒီရီဆော့မှာ ကော်ဖီသောက် နေ့လယ်စာစားပြီး လည်ပတ်ကြပါ တယ်”လို့ Coral Fish Travels & Tours မှ တာဝန်ရှိသူက ပြောပြပါတယ်။
သဘာဝတရားနဲ့ အနီးစပ်ဆုံးခံစားပြီး ရိုမန်တစ်ဆန်ဆန်လေး တည်းခိုလို့ရတဲ့ နေရာလေးတစ်ခုလို့ ဆိုရပါမယ်။ ကျယ်ပြန့်လှတဲ့ ဆီအုန်းခြံကျယ်ကြီးထဲမှာ စားသောက်ဆိုင်၊ အော်ဂဲနစ်စိုက်ခင်း၊ အမှတ်တရပစ္စည်းဆိုင်၊ ရက်ကန်းထည်၊ ရက်ကန်းစက်တွေရှိပြီးတော့ ဓာတ်ဖမ်း ချင်သူတွေအတွက်လည်း လုံးဝကို အကြိုက်တွေ့သွားစေမယ့် နေရာလေး တစ်ခုဖြစ်အောင် ထည့်သွင်းဖန်တီးထား တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သဘာဝကပေးထားတဲ့ လက်ဆောင်မွန် များစွာတည်ရှိတဲ့ တနင်္သာရီတိုင်းဒေသကြီးထဲက Luxury ဆန်သော ကော့သောင်းမြို့လေးဆီ သွားလည်ကြပြီး ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မြို့လေးထဲက သဘာဝတရားနဲ့အနီးစပ်ဆုံး အပန်းဖြေ စခန်းဆီကိုပါ သွားရောက်လည်ပတ်နိုင်စေ ဖို့ ဒီတစ်ပတ်ရဲ့လမ်းညွှန်အဖြစ် ရေးသား ဖော်ပြပေးလိုက်ပါတယ်။ ။