ရခိုင်ပြည်နယ်မှ ဆရာတော်ကြီးကိုးပါးအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

 

စစ်တွေ    အောက်တိုဘာ   ၇


ရခိုင်ပြည်နယ်မှ ဆရာတော်ကြီးကိုးပါးအား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။


ဦးစွာ မြို့နယ်ဩဝါဒစရိယ စစ်တွေမြို့ ဆုတောင်း ပြည့်ပရိယတ္တိစာသင်တိုက်ပဓာန နာယက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊   အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ ဉာဏဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမှူးပြုသော   ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိ စာသင်တိုက်  ပဓာနနာယက   အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ နန္ဒသိရီ မဟာထေရ်မြတ်ထံမှ  သမ္မောဒနီယဩဝါဒဂါထာ ချီးမြှင့်တော်မူပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) ရခိုင်ပြည်နယ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးမင်းသန်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ လျှောက်ထား တင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး(YMBA)ဗဟိုမှ  ဆက်ကပ်လှူဒါန်းပူဇော်သည့် သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး   နိုင်ငံတော်သံဃဗဟိုဝန်ဆောင်၊ စစ်တွေမြို့ မြို့မ ပရိယတ္တိစာသင်တိုက် ပဓာနနာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ စရဏ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။


သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် စစ်တွေမြို့နယ်မှ ဆရာတော် ခုနစ်ပါးနှင့် သံတွဲမြို့နယ်မှ ဆရာတော်နှစ်ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ   ဘွဲ့တံဆိပ်တော် နှင့် မဟာမင်္ဂလဓမ္မ ဇောတိကဓဇ   ဘွဲ့တံဆိပ်တော် များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)