
ရန်ကုန် အောက်တိုဘာ ၆
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၇ ရက် (ယနေ့) တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ပါလက်စတိုင်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု (E) တွင် ကျရောက်နေပြီး ယင်းအုပ်စု ပွဲစဉ်များကို တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်သည်။
ယင်းခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၆ ရက်က ကျင်းပရာ မြန်မာ၊ တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်းနှင့် အိန္ဒိယအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာအသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က “အုပ်စုအတွင်း မှာ အကောင်းဆုံးအသင်းကတော့ အိမ်ရှင်တာဂျစ်ကစ္စတန် အသင်းပါ။ ပါလက်စတိုင်းအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ အိန္ဒိယအသင်းကလည်း စတင်ဖွဲ့စည်းတာ မကြာသေးပေမယ့် ကျွန်တော် တို့ လေးလေးစားစား ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီ ခြေစစ်ပွဲကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကစားသမားတွေ အနေနဲ့လည်း ကျွန်တော့်ရဲ့ နည်းစနစ်အတိုင်း စည်းကမ်းတကျလိုက်နာ ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ကစားနိုင်မှာပါ” ဟု ပြောကြားသည်။
ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (E) တွင် တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယအသင်းတို့ နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် ပါလက်စတိုင်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ် သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးခုနစ်သင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ရဲရင့်လွင်