
မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းများမှ ဘင်ခရာတီးဝိုင်း များ၏ စွမ်းရည်ပြပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်း အတွင်း ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်က ဘင်ခရာတီးဝိုင်းများသည် အားကစားနည်း တစ်ခုလည်း ဖြစ်သည့်အပြင် ဘင်ခရာတီးဝိုင်း များ တီးခတ်ပါဝင်ခြင်းဖြင့် ကျင်းပ သောအခမ်းအနားများသည် ပို၍ ခမ်းနားတင့်တယ်စေပါကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနား များ၊ အထိမ်းအမှတ်ပွဲများ နှင့် ဖွင့်ပွဲအခမ်းအနားအမျိုးမျိုး တို့တွင် ဘင်ခရာတီးဝိုင်းများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်းနှင့် သို့ဖြစ်ပါ၍ လာမည့် ပညာသင်နှစ်များတွင် လည်း အခြေခံပညာကျောင်းများ၌ ဘင်ခရာတီးဝိုင်းများ တိုးချဲ့ထားရှိ ကာ ယှဉ်ပြိုင်မှုများ ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြရန် မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူ ဘင်ခရာတီးဝိုင်း အဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြ သည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရာ မြစ်ကြီးနားမြို့ အ.ထ.က(၁) ဘင်ခရာတီးဝိုင်းအဖွဲ့၊ ဝိုင်းမော် မြို့နယ် အ.ထ.က (၂) ဘင်ခရာ တီးဝိုင်းအဖွဲ့၊ မြစ်ကြီးနားမြို့ အ.ထ.က(၉) ဘင်ခရာတီးဝိုင်းအဖွဲ့ နှင့် မိုးကောင်းမြို့နယ် အ.ထ.က (၁) ဘင်ခရာတီးဝိုင်းအဖွဲ့တို့က စွမ်းရည်ပြတီးမှုတ် ဖျော်ဖြေကာ ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ဘင်ခရာစွမ်းရည်ပြ တီးမှုတ်မှုတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူး ဆုများရရှိခဲ့သော ဘင်ခရာတီးဝိုင်း အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များအပေါ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ လိုအပ်ချက်၊ အခက်အခဲများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ် များကို ဆွေးနွေးတင်ပြကြရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးစီးဌာနအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ် အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လမ်း၊ တံတား၊ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု လုပ်ငန်းများ၊ အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်း၊ မြို့တော် ခန်းမအသစ် တည်ဆောက်ခြင်း လုပ်ငန်းအပါအဝင် စီမံကိန်း လုပ်ငန်းပေါင်း ၄၇ ခု ဆောင်ရွက် လျက် ရှိသည့် အခြေအနေများကို သက်ဆိုင်ရာ လုပ်ငန်းစီမံကိန်း များအလိုက် တင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နေသည့် လုပ်ငန်းစီမံကိန်းများ ဖြစ်သည့်အတွက် သတ်မှတ် ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ရန်ပုံငွေများ ကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျစီမံ သုံးစွဲ နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)