၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၅၅  / ၂၀၂၃) 
၁၃၈၅  ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  ၁၂  ရက်
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ  ၁၂  ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ  ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို ၂၀၂၃  ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။    ဤဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁  ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ  အကျိုးသက်ရောက်စေရမည်။
၃။    ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “၂၂။    (က)    ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်း  မပြုဘဲ ဝင်ငွေခွန်ဥပဒေ  ပုဒ်မ ၈  ပုဒ်မခွဲ(က) ပါ  ဝင်ငွေခေါင်းစဉ်များအနက်    လစာမှအပ ပြည်ပနေနိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ရရှိ သည့်နိုင်ငံခြားငွေအမျိုးအစားဖြင့် တစ်ဆယ်ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်။
        (ခ)    ဝင်ငွေခွန်နည်းဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ် အောက်ပါနည်းလမ်း ၂ ရပ်အနက် နည်းရာကျသင့်အခွန်ကို ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်-
    (၁)    ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ်မ ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန် စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီတွက်ချက်၍ စည်းကြပ်ခြင်း၊
    (၂)    ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်၍ စည်းကြပ်ခြင်း။ 
        (ဂ)    ဤပုဒ်မအရတွက်ချက်ရရှိသည့်အခွန်မှ  တွက်ချက်သည့်   ဝင်ငွေအမျိုးအစားအလိုက် ပြည်ပတွင်ပေးဆောင်ခဲ့ရသည့်အခွန်ကို ခုနှိမ်ပေးရမည်။” 
၄။    ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄) ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

        (ပုံ) မင်းအောင်လှိုင်
        ဗိုလ်ချုပ်မှူးကြီး
        ဥက္ကဋ္ဌ
            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ