
နေပြည်တော် မတ် ၁၄
နေပြည်တော်တွင် တည်ထား ကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်နှင့် ပလ္လင်တော်အစိတ် အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ တတိယ အကြိမ်အဖြစ် ပလ္လင်တော် အပိုင်း ၂ နှင့် အပိုင်း (၁/၂) အရန်တို့ကို မတ် ၉ ရက်တွင် ဆီမီးခုံဆိပ်ကမ်း မှ ပင့်ဆောင်ပူဇော်ရာ တည်ထား ကိုးကွယ်မည့် မင်္ဂလာနေရာသို့ ယမန်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ သည်။
အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင် တော် အပိုင်း ၂ နှင့် အပိုင်း (၁/၂)အရန် အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အောင်စည်သာဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် အမှူးပြုသော သံဃာတော်အရှင် သူမြတ်တို့က မေတ္တာပို့ဂါထာ တော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများ နှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယပူဇာအရိယာ သာဝိတ္ထီ ဂါထာ၊ ဘုရားဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင် ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်၍ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်ကြီး၏ ပလ္လင်တော် အပိုင်း ၂ နှင့် အပိုင်း (၁/၂)အရန် တို့ကို နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်နှင့် မဟာ လယ်တီစံဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဣန္ဒာဝုဒ တို့က ဦးဆောင်၍ တက်ရောက် လာကြသည့် တပ်မတော်အရာရှိ ကြီးများ၊ ဘုရားဒါယကာများ က အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင် ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင် တော် အပိုင်း ၂ နှင့် အပိုင်း (၁/၂) အရန်တို့ကို အပူဇော်ခံမည့်နေရာ သို့ ဆက်လက်ပင့်ဆောင်တော်မူ ကြသည်။
ယနေ့ ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ပလ္လင်တော် အပိုင်း၂ အလေးချိန် ၆၅၅ တန်၊ အပိုင်း (၁/၂) အရန် အလေးချိန် ၃၁၅ တန်ရှိပြီး စတုတ္ထအကြိမ်အဖြစ် ကြိုဆို ပင့်ဆောင်ခြင်းဖြစ်ကြောင်း နှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ အစိတ်အပိုင်းများကို ဆက်လက်ပင့်ဆောင်ပူဇော်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်