ချယ်ဆီးကို အနိုင်ယူပြီး ပရီမီယာလိဂ် အဖွင့်မျက်နှာပန်းလှဖို့ ခြေကုန်ထုတ်လာမယ့် လီဗာပူး

 

ဘောလုံးချစ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ၂၀၂၃-၂၀၂၄ ရာသီ ပရီမီယာလိဂ်ဘောလုံးပွဲစဉ်တွေကို  ယခုသီတင်းပတ်မှ စတင်ကာ စတင်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းတိုင်းက ကစားသမား ဝယ်ယူမှု၊  အင်အားဖြည့်တင်းမှု  အသီးသီးပြုလုပ်ထားတာကြောင့် ယခုအဖွင့်ပွဲစဉ်မှစတင်ကာ ဘယ်အသင်းက ဘယ်အတိုင်းအတာအထိ စွမ်းဆောင်သွားနိုင်မလဲဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်ခံစားနိုင်တော့ မှာ ဖြစ်ပါတယ်။ 


အာဆင်နယ်နှင့် နော်တင်ဟမ်ပွဲကို သြဂုတ် ၁၂ ရက် ညနေ ၆ နာရီ မှာ ယှဉ်ပြိုင်ကစားမှာပါ။ ယမန်နှစ်က ဖလားဆွတ်ခူးနိုင်ရေး ကြိုးပမ်းမှု  အလုပ်ဖြစ်ခဲ့ပေမယ့်  လက်တစ်ကမ်းအလိုရောက်မှ  မန်စီးတီးကို လက်လွှဲပေးခဲ့ရတဲ့ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ အဖွင့်ပွဲစဉ်မှစပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ ပြင်ဆင်လာမှာဖြစ်တဲ့အတွက်  နော်တင် ဟမ်အသင်းရဲ့ ကစားဟန်ကောင်းမွန်ခဲ့သော်ငြား အာဆင်နယ်ကို အနိုင် ရဖို့ မလွယ်ဘူး။


ဘရန့်ဖို့ဒ်နှင့် စပါးပွဲကို သြဂုတ် ၁၃ ရက် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင် ကစားမှာပါ။ ရာသီအကြိုခြေစမ်းပွဲတွေမှာ  ဘရန့်ဖို့ဒ်ရဲ့  ခြေစွမ်းက တည်ငြိမ်မှု၊ ကျစ်လျစ်မှုမရှိတာကြောင့် အားရစရာမရှိဘူး။ စပါးက ဘရန့်ဖို့ဒ်ထက်  ခြေစွမ်းသာလွန်မှုရှိတယ်ဆိုပေမယ့်  လိုအပ်ချက်တွေ ရှိနေသေးတယ်။ အသင်းအဓိက တိုက်စစ်ကစားသမား ကိန်းကလည်း ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် စပါးက သာမန် ထက်မပိုရင် ဘရန့်ဖို့ဒ် နိုင်မယ်။


ချယ်ဆီးနှင့် လီဗာပူးပွဲကို  သြဂုတ် ၁၃ ရက် ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားမှာပါ။  နှစ်သင်းစလုံး  ရာသီအကြိုခြေစမ်းပွဲတွေမှာ အားရစရာကောင်းတယ်။ အဖွင့်မျက်နှာပန်းလှဖို့အတွက် ချယ်ဆီးရော လီဗာပူးပါ  နိုင်ပွဲရရေး  ဦးတည်လာမှာပါ။  ဒီနှစ်သင်း  တွေ့ဆုံတိုင်း  အကြိတ်အနယ်ရှိသော်ငြား  ၂၀၂၁  ခုနှစ်နောက်ပိုင်း  နိုင်ပွဲရလဒ် ဖော်ဆောင်နိုင်ခြင်း  မရှိဘဲ  သရေရလဒ်သာ  ထွက်ပေါ်ထားတယ်။   အဆုံးသတ်သေချာတဲ့အသင်း နိုင်ပွဲရမယ်။


မန်ယူနှင့် ဝုဖ်ပွဲကို သြဂုတ် ၁၄ ရက် နံနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင် ကစားမှာပါ။ အဖွင့်ပွဲစဉ်မှာကတည်းက ရလဒ်ကောင်းရရှိဖို့ အားစိုက် ကစားလာမယ့် မန်ယူကို ဝုဖ်အသင်း ဟန့်တားဖို့ ခက်မယ်။ မန်ယူက  အားထားရတဲ့  ကစားသမားကောင်းတချို့  အသင်းမှထွက်ခွာသော်လည်း  ထိပ်တန်းကစားသမားတွေ ဝယ်ယူအားဖြည့်ထားတာကြောင့် ဝုဖ်ရဲ့ တုံ့ပြန်ကစားပုံ  ကောင်းမွန်မှုရှိသည့်တိုင် နိုင်ပွဲရလဒ်ကို ဖော်ဆောင် နိုင်မယ်။                                                                

လင်းလက်ကြယ်