
ဆွစ်ဇာလန်နှင့် စပိန်အသင်းတို့ ပွဲစဉ်ကို နံနက် ၁၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ စပိန်အသင်းက ငါးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ဆွစ်ဇာလန်အသင်းသည် ယနေ့ပွဲစဉ် တွင် သာမန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး စပိန်အသင်းဘက်သို့ ဂိုးပေါက် ကန်သွင်းမှု နှစ်ကြိမ်သာ ပြုလုပ်နိုင် ခဲ့သည်။ ပြိုင်ဘက် စပိန်အသင်းက ဂိုးအသာ၊ ခြေအသာဖြင့် ပွဲချိန် တစ်လျှောက် ဖိအားပေးကစားထား နိုင်ပြီး ဆွစ်ဇာလန်အသင်းဘက်သို့ ဂိုးကန်သွင်းမှု ၂၆ ကြိမ်အထိ ပြုလုပ် နိုင်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဂိုးပြတ်နိုင်ပွဲရကာ နောက်တစ်ဆင့်တက်လှမ်း နိုင်ခဲ့သော စပိန်အသင်းသည် ကွာတားဖိုင်နယ်တွင် နယ်သာလန်နှင့် တောင်အာဖရိကအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ စပိန်အသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ လေးပွဲတွင် သွင်းဂိုး ၁၃ ဂိုးအထိ ရှိလာပြီဖြစ်သည်။
ဂျပန်နှင့် နော်ဝေအသင်းတို့ပွဲစဉ်ကို မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင် ကစားခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့သည်။ နှစ်သင်းစလုံး နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးအတွက် နိုင်ပွဲရရှိရေး ဦးတည်လာခဲ့သော်လည်း နော်ဝေအသင်းထက် ဂျပန်အသင်း၏ ခြေစွမ်း ထက်မြက်မှုရှိခဲ့ပြီး အပိုင်အခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲကာ ဂိုးပြတ်နိုင်ပွဲရလဒ် ဖော်ဆောင်နိုင်ခဲ့သည်။ နော်ဝေအသင်းသည် တုံ့ပြန်ကစားပုံ ထိရောက်မှုရှိသော်လည်း နိုင်ပွဲရသည်အထိ လုံလောက် သည့် စွမ်းဆောင်မှုများ ပြသထားနိုင်ခြင်းမရှိသောကြောင့် ယခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားကို ၁၆ သင်းအဆင့်ဖြင့်ပင် လက်ပြနှုတ်ဆက် ခဲ့ရပြီဖြစ်သည်။
နော်ဝေကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်လှမ်းလာသော ဂျပန်အသင်းသည် ကွာတားဖိုင်နယ်တွင် ဆွီဒင်နှင့် အမေရိကန်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစား သွားရမည်ဖြစ်သည်။
အောင်ဇော်