
နေပြည်တော် ဇူလိုင် ၂၂
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city ၊ Clean Village များဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့်အတွက်
မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင် သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေ နေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေး ကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြိုတို့၌ ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦ များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွား ရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူ များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့်သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိလူငယ် လူရွယ်များစုစည်း၍ “မြို့ရွာ သန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် အမှတ်(၂၆) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ၌ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက် တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက် တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျအမှိုက် စွန့်ပစ်ခြင်း များကို ဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်