တိုက်စစ်ကစားသမား ရက်ဖို့ဒ်အား မန်ယူ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်လာ

 

မန်ယူအသင်းသည် အသင်းမှ အဓိကတိုက်စစ်ကစားသမားဖြစ်သူ မားကပ်စ်ရက်ဖို့ဒ်၏ စာချုပ်သစ်နှင့်ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်လျက်ရှိနေသည့်အပြင် အိုးထရက် ဖို့ဒ်သို့ တိုက်စစ်ကစားသမားတစ်ဦး ခေါ်ဆောင်သွားရန်အတွက်လည်း လုပ်ဆောင် လျက်ရှိသည်။                             


တိုက်စစ်ကစားသမား ရက်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီတွင် ခြေစွမ်း ပြသထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၅၆ ပွဲ ပါဝင်ကစားထားကာ ဂိုး ၃၀ အထိ သွင်းယူထား သည်။  ရက်ဖို့ဒ်၏   အဆိုပါသွင်းဂိုးအရေအတွက်သည်  ကစားသမား ဘဝတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်သည့် ပမာဏလည်းဖြစ်သည်။ 


မန်ယူနည်းပြ တန်ဟက်သည် ရာသီအကြိုခြေစမ်းပွဲစဉ်များ အတွင်း အသင်းသို့ တိုက်စစ်ကစားသမားအသစ်တစ်ဦးကို ခေါ်ယူရန် ဆန္ဒရှိနေ သည့်အတွက် အသင်းအနေဖြင့်  ၎င်းတို့၏  အဓိကဦးစားပေး ခေါ်ယူမည့် အတ္တလန္တာအသင်းမှ ရပ်မက်စ်ဟိုးလန်းနှင့် ဖရန့်ဖတ်အသင်းမှ ရန်နယ် ကိုလိုမူအာနီတို့နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် နေကြောင်း သိရသည်။ 
မန်ယူအသင်းသည်  အပြောင်းအရွှေ့အသုံးစရိတ်အရ  ထိပ်တန်း တိုက်စစ်ကစားသမားကို   ခေါ်ယူသွားနိုင်မည်   မဟုတ်ကြောင်းနှင့် ပြီးခဲ့သည့်ရာသီက အီတလီစီးရီးအေတွင် ခြေစွမ်းပြသထားနိုင်သည့် အတ္တလန္တာတိုက်စစ်ကစားသမား ဟိုးလန်းကို ခေါ်ယူရန်   စိတ်ဝင်စား နေကြောင်း  သိရသည်။                                                

အောင်ဇော်