
ချစ်သောစံပယ် ပွင့်ပါကွယ်
v “တစ်ပွင့် ပန်ချင်တယ် x x
တစ်ပွင့်တည်း ပန်မယ် x x
ငွေသားနုဝတ်လွှာရယ် x x
စံပယ်တို့လို ဖွေးဖွေးလွလွ x x ”
အစရှိသည်၊ ပုလဲသီသို့
ချိုကြည်အေးနွဲ့၊ သံစဉ်လဲ့နှင့်
တေးဖွဲ့ယှက်သွယ် လှသွေးကြွယ်သည့်
စံပယ် သီချင်း၊ ငယ်စာရင်းမှ
ရင်တွင်း ခုတိုင်၊ သင်းပျံ့ကြိုင်ဆဲ
မေ့နိုင်ဖို့ဝေး၊ စံပယ်လေးကို
တွေးတိုင်း ဥပမာ၊ နှိုင်းမိပါသည်
မြန်မာမလေး နှယ်ပါတကား။
v စံပယ်ဟူသည်၊ ပွင့်ငုံစီ၍
တူညီပွင့်နှုန်း၊ တစ်ပင်လုံးတည့်
ရွှင်ပြုံးတုလွတ်၊ ဖွေးဖွေးဆွတ်သည်
ညီညွတ်မှုနှင့် သာတကား။
v စံပယ်ဟူငြား
ထွေပြား ဝါနီ၊ မရှိပြီတည့်
ခြယ်သည်တစ်ရောင်၊
ဆောင်သည်တစ်သွင်
ရှုတိုင်းယဉ်သည်
ဖြူစင်မှုနှင့် သာတကား။
v စံပယ်ဟူက၊ ဘယ်မျှသေးသေး
မမွှေးဘယ်ခါ၊ မရှိပါတည့်
ချပ်လွှာဆင့်ဆင့်၊ ငုံအာလင့်သော်
တစ်ပွင့်လည်းထုံ၊ တစ်ငုံလည်းသင်း
တစ်ခင်းလည်းလွင်၊ မြတ်မိခင်ကို
ဂုဏ်အင်မြင့်မားစေသည်တကား။
v ဪ...ညီညွတ်ခြင်းကို၊ ဖွင့်ဟဆိုသော
ဖြူစင်ခြင်းကို၊ ဖော်ကျူးလိုသော
မိခင်မြေကို၊ ဂုဏ်မြှင့်လိုသော
ထိုစံပယ်မှာ၊ နှိုင်းစရာကား
မြန်မာမလေး၊ လှယဉ်ကျေးနှင့်
သွေးရောင်တူမျှ၊ မွှေးကြူစွမို့
ကာလခုခါ၊ တို့ပြည်သာဝယ်
ကလျာ နွယ်မှူး၊ စံပယ်ဦးတို့
အထူးဂုဏ်တင့်၊ မျိုးဂုဏ်မြှင့်ဖို့
မျှော်ချင့်တတ်သော၊ မြတ်မနောဖြင့်
ချစ်သော စံပယ် ပွင့်ပါကွယ်။
ပုလဲ မိုးစက် ဖျန်းပက်မယ်။
တိုင်းပြည့် အင်အားဖြစ်စေရွယ်။ ။
မြင်းမူမောင်နိုင်မိုး