ကရင်ပြည်နယ်၌ ရော်ဘာအစေးခြစ်လုပ်ငန်းမှ အမြတ်အစွန်းရရှိ

 

ဘားအံ  ဇူလိုင်  ၁


ကရင်ပြည်နယ်အတွင်း    ရော်ဘာစိုက်ပျိုးမှု အခြေအနေများမှာ   စိုက်ဧက   ၂၇၁၂၇၁  ဧက၊ ရိတ်သိမ်းဧက ၂၆၀၆၆၁ ဧကဖြစ်ပြီး  တစ်ဧက ပျမ်းမျှအထွက်နှုန်း  ၇၂   ဒသမ   ၈၇   ပေါင် ထွက်ရှိ ကာ  ပျမ်းမျှအထွက်နှုန်း ၁၈၉၉၄၃၆၇ ဒသမ ၀၇ ပေါင်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း များအရ သိရသည်။

 


သာမညကျေးရွာတွင် ရော်ဘာစိုက်ဧက ၁၁ ဧက အတွက် စိုက်ပျိုးမှုအနေဖြင့် ပင်ကြားတန်းကြား (၂၀x၁၀)ပေဖြင့် ရော်ဘာပင် ၁၅၇၁ ပင်   စိုက်ပျိုး ထားရှိပြီး သက်တမ်းအနေဖြင့် ခုနစ်နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊ စိုက်ပျိုးပြီး   ငါးနှစ်အကြာတွင်  ရော်ဘာ အစေးစတင်ခြစ်ယူရပြီး  ရော်ဘာအစေးခြစ်လုပ်ငန်း ဆောင်ရွက်နေသည်မှာ     နှစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း     သိရသည်။ ကုန်ကျစရိတ်အနေဖြင့် ရော်ဘာ ၁၁ ဧက အတွက်  ရော်ဘာအစေးခြစ်ကာလ  ရှစ်လ(တစ်ရာသီ) လျှင် သွင်းအားစုမြေဩဇာ၊  လုပ်သားခများ စုစုပေါင်း ငွေကျပ်သိန်း ၄၀ ခန့်ကုန်ကျပြီး လစဉ်ရော်ဘာအစေး ခြစ်/ကုန်ကြမ်းထုတ်လုပ်မှုအတွက် တစ်လ ငွေကျပ် ခြောက်သိန်းနှုန်းဖြင့်  ရှစ်လ  (တစ်ရာသီ) အတွက်   ငွေကျပ် ၄၈ သိန်း၊ ရှစ်လ(တစ်ရာသီ)အတွက် စုစုပေါင်းကုန်ကျစရိတ်ငွေကျပ် ၈၈ သိန်း ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

 


ရော်ဘာ ၁၁ ဧကအတွက်  အထွက် နှုန်းအနေဖြင့်     တစ်လပျမ်းမျှအထွက်နှုန်း     ၁၃၄၄ ပေါင် နှုန်းဖြင့်   ရှစ်လ   (တစ်ရာသီ)  အထွက်နှုန်း ၁၀၇၅၂ ပေါင်ခန့် ထွက်ရှိခဲ့ ကြောင်း၊  ဝင်ငွေအနေဖြင့်     တစ်ပေါင် ပျမ်းမျှရောင်းဈေး   ငွေကျပ် ၁၃၄၀ ဖြင့်    စုစုပေါင်းငွေကျပ် ၁၄၄၀၇၆၈၀  ဝင်ငွေရရှိ ခဲ့သောကြောင့် ရော်ဘာ ၁၁ ဧက၏ အသားတင်   အကျိုးအမြတ်မှာ  ငွေကျပ်  ၅၆၀၇၆၈၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ်       ရော်ဘာဈေးနှုန်း အနေဖြင့် တစ်ပေါင်လျှင် ငွေကျပ် ၁၂၂၀ ဖြစ်ပြီး ယခုနှစ် ရာသီသိမ်းချိန်တွင် တစ်ပေါင်လျှင် ငွေကျပ်  ၁၃၄၀  အထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့ နှင့်ထိုင်းနိုင်ငံမှအဓိကဝယ်လိုအား မြင့်တက် လာ မှုနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ရော်ဘာစိုက်ပျိုးသူများအနေဖြင့်  ရော်ဘာအစေးခြစ်လုပ်ငန်းမှ အမြတ်အစွန်း ရရှိခဲ့ကြောင်း သိရသည်။

DOCA (ကရင်)