မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နိုင်ငံတကာခရီးစဉ်သစ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန်စီမြို့သို့ ပျံသန်းပြေးဆွဲ

 

ရန်ကုန်   ဇွန်   ၂၉


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန     မြန်မာအမျိုးသား လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်အဖြစ်   တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ  မန်စီမြို့သို့     စတင်ပျံသန်း ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 


အဆိုပါ နိုင်ငံတကာခရီးစဉ်သစ်သည် ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန်ခရီးစဉ်ဖြစ်ပြီး ဇွန် ၂၉ ရက်မှ စတင်၍ တစ်ပတ် လျှင် သုံးကြိမ် အင်္ဂါ၊  ကြာသပတေးနှင့်   စနေနေ့များတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်(Terminal-1)နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှ  ပျံသန်းပြေးဆွဲမည်ဖြစ်သည်။  ခရီးစဉ်တွင်  Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပြီး ယင်းနေ့များတွင် ရန်ကုန်မှ-မန္တလေးသို့   မွန်းလွဲ ၁၂ နာရီခွဲတွင် ထွက်ခွာ၍ မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် မန္တလေးမှ မွန်းလွဲ   ၂ နာရီခွဲတွင် ဆက်လက်ထွက်ခွာ၍ မန်စီသို့  ဒေသစံတော်ချိန်  ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက် မည်ဖြစ်သည်။ ထို့အတူ မန်စီမှ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ မန္တလေးသို့ ညနေ ၆ နာရီတွင်ရောက်ရှိပြီး မန္တလေးမှ ည ၇ နာရီတွင်ထွက်ခွာ၍ ည ၈ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း လိုင်းမှ သိရသည်။                                                          

အာကာလင်း