အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်    ဇွန်    ၂၂


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု  တက္ကသိုလ်  ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း အသီးသီးသို့   တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း ပြည်ပသင်တန်းသားများအား ဒီပလိုမာ (ဗုဒ္ဓဓမ္မ) အောင်လက်မှတ်   ချီးမြှင့်အပ်နှင်းပွဲနှင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်  သင်တန်းသားသစ် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည် ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပပြုလုပ်သည်။

 


အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ မထေရ်မြတ် အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊   သင်ကြားသီလရှင် ဆရာကြီးများ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း ပြည်ပသင်တန်းသား များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သို့ တက်ရောက် ကြမည့် ပြည်တွင်း ပြည်ပသင်တန်းသားသစ်များ  ကြွရောက်တော်မူကြသည်။

 


အစီအစဉ်အရ     ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက   သြဝါဒကထာနှင့် သမ္မောဒ နိယသန္ဒေသကထာ မိန့်ကြားချီးမြှင့်တော် မူပြီး   ကြိုဆိုနှုတ်ခွန်းဆက်စကား  မိန့်ကြားသည်။ ထို့နောက် ပါမောက္ခချုပ်ဆရာတော်က  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်   ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင် လက်မှတ်များ  ပေးအပ်ချီးမြှင့်တော်မူပြီး   အောင် လက်မှတ်ရသင်တန်းသားများက အဓိဋ္ဌာန်ပြုတော် မူကြသည်။ 

 


ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် သင်တန်း အသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း ပြည်ပ သင်တန်းသားသစ် ရဟန်းတော်များအား  တက္ကသိုလ် တံဆိပ်ပါ   ကတ္တီပါယပ်များကို    လည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီ လောဘက်များကိုလည်းကောင်း သင်တန်းသားသစ် များအဖြစ်  အသိအမှတ်ပြုသောအားဖြင့်  အပ်နှင်း ချီးမြှင့်တော်မူသည်။

 


အပြည်ပြည်ဆိုင်ရာ  ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင်  စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး   ထေရဝါဒဗုဒ္ဓသာသနာတော်   ကမ္ဘာ တစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊ သင်္ဂါယနာ ခြောက်တန် တင် ထေရဝါဒ ပိဋကတ်စာပေများကို မူရင်းအတိုင်း သင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊ အကုသိုလ် ဖြစ်စေမည့်  ဒုစရိုက်မှုများကို   သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှုများကို သိရှိဖြည့်ဆည်း ကျင့်သုံးနိုင်စေရန်၊ ကမ္ဘာတစ်ဝန်းလုံး ဗြဟ္မစိုရ်တရား ထွန်းကား၍   ငြိမ်းချမ်းသာယာသည့်   လူ့ဘောင် လောကကြီး   ဖြစ်လာနိုင်စေရန်၊   ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေကျွမ်းကျင်နှံ့စပ်၍    ပဋိပတ္တိဆိုင်ရာ အကျင့်သီလနှင့် ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်၊   ထေရဝါဒပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့်   ပြည်တွင်း ပြည်ပ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေး နိုင်ရန်၊  ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ပြည်တွင်း ပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ် များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူ ပြုစေမည့် အခြားတက္ကသိုလ်များနှင့်  အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊     ထေရဝါဒဗုဒ္ဓ သာသနာပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာ သို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိသောရည်ရွယ် ချက်များဖြင့်   ထေရဝါဒဗုဒ္ဓသာသနာပြုသင်တန်း အသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင်   မြန်မာနိုင်ငံအပါအဝင် ပြည်တွင်း ပြည်ပ ၁၈ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ၃၁၁ ပါး/ဦး တက်ရောက် သင်ယူလျက်ရှိကာ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ သမထ၊ ဝိပဿနာဘာသာရပ်များအား မြတ်ဗုဒ္ဓ၏ ထေရဝါဒဒေသနာတော်နှင့်အညီ ဦးစားပေးသင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်