
စစ်တွေ ဇွန် ၂၁
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိ နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက် ခိုင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
လိုအပ်သည်များဖြည့်ဆည်းပေး
ဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မိုခါမုန်တိုင်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားနေမှု၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ အခြေအနေ၊ ဆရာနှင့် ကျောင်းသား အချိုးမျှတမှု ရှိ/မရှိ အခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုအခြေအနေများနှင့် ဆက်လက်ပြုပြင်သွားမည့်အစီအမံများကို လိုက်လံ ကြည့်ရှုမေးမြန်းပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်း များကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံး ပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စီမံ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အကန့်အသတ်မဲ့ဖုန်းခေါ်ဆိုခွင့်ပေးခဲ့
ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဆက်သွယ်ရေးအော်ပရေတာများ၏ လူမှုအကျိုး ပြုလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို ဇွန်လ ၁၅ ရက်မှ ၃၁ ရက်အထိ အကန့်အသတ်မဲ့ ဖုန်း ခေါ်ဆိုခွင့်၊ SMS အခမဲ့ပေးပို့ခွင့်နှင့် အင်တာနက် ဒေတာစုစုပေါင်း 5GB တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများ တွင် အသုံးပြုရန်အတွက် အော်ပရေတာများက အင်တာနက်ဝန်ဆောင်မှုကို သုံးနှစ်အခမဲ့ အသုံးပြု နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ စစ်တွေပြည်သူ့ဆေးရုံ ကြီးနှင့် ကွန်ပျူတာတက္ကသိုလ်၌ MPT က လည်း ကောင်း၊ စစ်တွေတက္ကသိုလ်၊ စစ်တွေပြည်သူ့ဆေးရုံ ကြီး၊ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၌ MYTEL က လည်းကောင်း၊ သူနာပြုသင်တန်းကျောင်း နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့၌ ATOM က လည်းကောင်း၊ စစ်တွေနည်းပညာ တက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံကြီးတို့၌ OOREDOO ကလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်