မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကျင်းပ၊ ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေး

 

ရန်ကုန်    ဇွန်   ၁၇


မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ်   ပြန်လည် ထူထောင်‌ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင်   ရန်ကုန်မြို့   သင်္ယန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌    ဆက်လက်ကျင်းပရာ ပရိသတ်များက  တစ်ခဲနက်ကြည့်ရှု အားပေးကြသည်။

 


သောင်းသောင်းဖြဖြအားပေး


ပြိုင်ပွဲမစတင်မီ အနုပညာရှင်များစွာပါဝင်သော ဖျော်ဖြေရေးအစီအစဉ်ဖြင့်   ဧည့်ခံရာ   ရန်ပုံငွေပွဲသို့ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများက သောင်းသောင်းဖြဖြ အားပေးကြသည်။
ယနေ့   ဗိုလ်လုပွဲစဉ်အဖြစ်    ရုပ်ရှင်အသင်း (Movie FC)နှင့် ဂီတအသင်း (Music FC)၊  တတိယ နေရာလုပွဲအတွက် ညွန့်ပေါင်းအသင်း (Old Star FC)နှင့် Forever  FCအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ 

 


ပထမပွဲစဉ်ဖြစ်သော တတိယနေရာလုပွဲတွင် နေလင်းဦး၊ အောင်ကျော်ကျော်၊ စိန်အေး၊ ကြည်လွင်၊ တင်မြင့်အောင်၊ သန်းဝေ၊   ကျော်မင်း၊   အေးနိုင်၊ တင်ဝင်း၊ မောင်မောင်ဌေး၊   စိုးမြတ်မင်း၊   ရန်ပိုင်၊ အောင်မျိုး၊ မောင်မောင်မြင့်၊   မြင့်ကို၊   ထွန်းကျော်၊ မိုးကျော်၊ ကျော်မျိုးဟန်၊ ဌေးလွင်၊   ယဉ်မင်းအောင် တို့ပါဝင်သော မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း များဖြစ်သည့်   ညွန့်‌ပေါင်းဘောလုံးအသင်း (Old Star FC) နှင့်   ကောင်းထက်ဇော်၊    အောင်ရေချမ်း၊ ကျော်ဆု၊ လင်းမြတ်၊ မာန်ဟိန်း၊ စည်သူဝင်း၊ နက္ခတ်၊ မှူးသီဟသူ၊ ရှင်မွေလ၊  မိုးသူရ၊    မင်းဘုန်းမြတ်၊ အောင်ပိုင်၊ စောမင်းရာ၊   နက်ရှိုင်းကို၊ ဝေဇာကျော်၊ နေဝန်း၊ မိုးကောင်းကင်တို့   ပါဝင်သည့်  (Forever FC) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ နှစ်ဂိုး-နှစ်ဂိုးဖြင့် သရေကျခဲ့ပြီး  ပါနယ်တီငါးလုံးစီ ကန်သွင်းရာ   ညွန့်ပေါင်းအသင်း (Old  Star)က (Forever FC)   အသင်းကို  ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 


ပထမဆုဆွတ်ခူး


ဆက်လက်၍   ဗိုလ်လုပွဲစဉ်အဖြစ်   နေသူရိန်၊ သူထူးစံ၊   ကောင်းခန့်၊   မင်းခန့်၊   မိုးယံဇွန်၊   နေဒွေး၊ ကျော်ကျော်၊   ဘုန်းသျှံ၊   သာထက်၊   မင်းခန့်ကျော်၊ အိမ်အိမ်း၊ အိစိကွေး၊   ဖိုးဉာဏ်၊  နေဇာန်၊ မျက်ပြူး၊ ထက်ဦးထွဋ်၊ မိုးမာန်၊ ဆူးရှ၊  ဟိန်းထက်၊ တေဇာ အောင်တို့ ပါဝင်သော ရုပ်ရှင်အသင်း(Movie FC)နှင့် ကျော်ကျော်ထွန်း၊   ဆိုတေး၊  ဒီဖြိုး၊  အစ္စဏီ၊ ညီမင်းခိုင်၊ ဝေလျှံ၊ ဥဂ္ဂါ၊ ရာဝဏ ၊ ရော်ရွက်၊ မုန်ဆန် အောင်၊ သီဟလူ၊   သာထူးအောင်၊ နေလင်းကျော်၊ ZG၊ ဘိုဘိုမြသိန်း၊ အောင်အောင်ဦး၊ မုန်ထွယ်အောင်၊ လတ်ကိုကိုအေး၊   ဟန်ထွန်းဇော်၊   ရဲခေါင်ဆက်တို့ ပါဝင်သည့် ဂီတအသင်း(Music FC)တို့  ယှဉ်ပြိုင် ကစားရာ    ဂီတအသင်း (Music FC) က   ရုပ်ရှင် အသင်း (Movie  FC)ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။

 


မိုခါသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်‌ ရေး    လေးပွင့်ဆိုင်ရန်ပုံငွေ   ဘောလုံးပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲတွင် ဂီတအသင်းက ပထမဆု၊ ရုပ်ရှင်အသင်းက ဒုတိယဆုနှင့် ညွန့်ပေါင်းအသင်းက တတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့ကြသည်။
ရန်ပုံငွေဘောလုံးပွဲစဉ်သည် လာရောက်ကြည့်ရှု အားပေးကြသည့် ပရိသတ်များဖြင့်  စည်ကားခဲ့ပြီး ဘောလုံးပွဲရပ်နားချိန်တွင်     အနုပညာရှင်များ၏ တေးဂီတဖြင့် သီဆိုဖျော်ဖြေပေးမှုကို  လူငယ်၊ လူရွယ် များက အနုပညာရှင်တို့၏ ဂီတသံစဉ်များနှင့်အတူ အားပါးတရ  သံပြိုင်သီဆို အားပေးခဲ့ကြသည်။

 


ယနေ့ပွဲစဉ်တွင်  ရောင်းချရရှိသည့် ဘောလုံးပွဲဝင်ကြေးရန်ပုံငွေများကို မိုခါမုန်တိုင်း သဘာဝဘေး ဒဏ် သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။                   

ညိမ်းသူ(သတင်းစဉ်)