စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    ဇွန်   ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏   သုတေသန လုပ်ငန်းနှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်  ဇေယျာသီရိမြို့နယ်  ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့    ဒုတိယဝန်ကြီး    ဒေါက်တာ အောင်ကြီး၊     စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊အမှုထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး  မိုခါမုန်တိုင်း သင့်ဒေသများ    ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ သည့်   ကုန်ထုတ်လုပ်မှု  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေခြင်းသည်  အခြေခံအချက်တစ်ချက်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများ ရေးဆွဲလျက်   တောင်သူလယ်သမားများအတွက် သီးနှံမျိုးသစ်များ     မွေးမြူထုတ်လုပ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပွားများပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖော်ထုတ်ပေး ခြင်း၊   တောင်သူများ  ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာများ ဖြေရှင်း ပေးခြင်းအစရှိသည့်      သုတေသနပညာရပ်ဖြင့် လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်လာရေးကို ယခု ထက်    ပိုမိုအားထုတ်ကြိုးပမ်းကြရန်   တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ဆက်လက်၍    ဒုတိယဝန်ကြီး   ဒေါက်တာ တင်ထွဋ်က သုတေသနရလဒ်များနှင့် တွေ့ရှိချက်များ ကို တောင်သူ့နယ်ပယ်၌  လက်တွေ့အသုံးချနိုင်ရေး၊ တောင်သူများအတွက်     အကျိုးဖြစ်ထွန်းစေမည့် သုတေသနများဖြစ်ရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မှုနှင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အောင်မြင်စေရန် လယ်ယာထုတ်ကုန်များ ဈေးကွက်ဝင်  စံချိန်စံညွှန်း နှင့်အညီ ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်မား သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ် တင်ပို့နိုင်ရေး၊ သုတေသနရလဒ်များကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို တောင်သူများ ထံ   အရောက်ပေးပို့နိုင်ရေးနှင့်  တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို သုတေသနလုပ်ငန်း များက     ဖြေရှင်းပေးနိုင်ရန်    တောင်သူများနှင့် သုတေသနပညာရှင်များအကြား စိုက်ပျိုးရေးဦးစီး ဌာနက  ပေါင်းကူးဆက်စပ်ဝန်ဆောင်မှုပေးရေးတို့ နှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက်  ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက  စိုက်ပျိုးရေးသုတေသနဦးစီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊   ဒေသအလိုက်   လုပ်ငန်းကွင်းဆက်အလိုက် ဆက်လက်ဆောင်ရွက်သွားမည့်   သုတေသနနှင့် လက်တွေ့အသုံးချ    သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍   တိုင်းဒေသကြီးနှင့်   ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန  သုတေသနပညာရှင်များ၊   စိုက်ပျိုးရေး အထူးပြုကုမ္ပဏီများမှ        ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက်  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူ များသည်     စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ခင်းကျင်းပြသထားသည့်   ပြခန်းများကို    ကြည့်ရှု အားပေးခဲ့ကြသည်။                               သတင်းစဉ်