
ပရီမီယာလိဂ်ပြိုင်ပွဲတွေ ပြီးဆုံးဖို့ တဖြည်းဖြည်းနီးကပ်လာပေမယ့် အမှတ်ပေးဖလား ဆွတ်ခူးရေး၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်၊ ကွန်ဖရန့်လိဂ်ဝင်ခွင့်နဲ့ ပရီမီယာလိဂ်တင်ကျန်ရေးတို့မှာ ရလဒ်ပြတ်ပြတ်သားသား ထွက်ပေါ်ထားခြင်းမရှိတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်တယ်။ ဒီတစ်ပတ်မှာ မန်စီးတီးက အဲဗာတန်၊ အာဆင်နယ်က ဘရိုက်တန်အသင်းတို့နဲ့ တွေ့ဆုံနေပါတယ်။
ဘရန့်ဖို့ဒ်နှင့် ဝက်စ်ဟမ်း
ဘရန့်ဖို့ဒ်က အမှတ်ပေးဇယားအထက်ပိုင်း တက်လှမ်းဖို့ ကြိုးစား လာမှာဖြစ်ပြီး ပြိုင်ဘက်ဝက်စ်ဟမ်းက ရလဒ်ကောင်းရရှိဖို့ ကြိုးစား လာမှာဖြစ်တာကြောင့် အကြိတ်အနယ်ရှိလာမှာ သေချာတယ်။ ဘရန့်ဖို့ဒ် အသင်းထက် ဝက်စ်ဟမ်းအသင်းရဲ့ ရုန်းအားကို ကြည့်ရမယ်။
အဲဗာတန်နှင့် မန်စီးတီး
ဒီပွဲစဉ်မှာ တန်းဆင်းဇုန်ဖိအားအနည်းငယ် လျှော့ချနိုင်မယ့် အဲဗာတန်အသင်းအနေနဲ့ အမှတ်ပေးဇယားကို ပြတ်သားတဲ့ရလဒ်နဲ့ ဦးဆောင်ဖို့ ကြိုးစားလာမယ့် မန်စီးတီးအသင်းကို အနိုင်ရဖို့ မလွယ်ဘူး။ ဒါ့အပြင် အဲဗာတန်က အိမ်ကွင်း ခြေစွမ်းကောင်းမွန်မှုရှိပေမယ့် တိုက်စစ် ထက်မြက်ပြီး ခံစစ်ကောင်းမွန်တဲ့ မန်စီးတီးအသင်းကို ယှဉ်ဖို့ခက်မယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖွယ်ရှိပြီး မန်စီးတီး နိုင်ဖွယ်ရာ ရှိတယ်။
အာဆင်နယ်နှင့် ဘရိုက်တန်
အမှတ်ပေးဇယားရပ်တည်မှုအရ အာဆင်နယ်ရော ဘရိုက်တန် အသင်းပါ နိုင်ပွဲရဖို့ လိုအပ်နေတယ်။ အာဆင်နယ်က အမှတ်ပေးဖလား ဆွတ်ခူးရေးမျှော်လင့်ချက် ဆက်လက်ရှင်သန်ရေး ကြိုးစားလာမှာ ဖြစ်သလို ဘရိုက်တန်အသင်းကလည်း ဥရောပဝင်ခွင့် တစ်နေရာရရှိ ရေး မျှော်လင့်ချက်အတွက် အားစိုက်ကစားလာမှာ ဖြစ်တယ်။ ခက်ခက် ခဲခဲကစားပြီး အာဆင်နယ် အသာရဖွယ်ရှိတယ်။
မိုးဇက် - စုစည်းသည်