
စစ်တွေ မေ ၁၂
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်ရောက်ရှိ လာပြီ ဖြစ်သည့်အတွက် စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး တက် ရောက်သည်။
ဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့ ဂစ္ဆပရပ်ကွက်ကမ်းနား၌ အရှင်ဥပဂုတ္တ အရှင်တော်မြတ်အား ပင်လယ်ပြင်အတွင်းသို့ ဖောင်တော်ဖြင့် ပင်ဆောင်ပူဇော်ပွဲကို ပြုလုပ်ခဲ့ကြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေ တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ နှင့် ကမ်းခြေတွင် နေထိုင်ကြသည့် ပြည်သူများ ရွှေ့ပြောင်းနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြ သည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး( ၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း မြို့နယ် ခုနစ် မြို့နယ်ဖြစ်သည့် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်မြို့နယ် များကို အနီရောင်အဆင့် သတ်မှတ်ထားကာ ထို မြို့နယ်များသည် အရေးအကြီးဆုံးနှင့် အန္တရာယ် အရှိဆုံးမြို့နယ်များဖြစ်သည့်အတွက် အနီရောင် အဆင့်နှင့်အညီ ဒီရေလှိုင်းတက်ရောက်လာနိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို အမြန်ဆုံးရွှေ့ပြောင်းသွား ရမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ များအနေဖြင့် သက်ဆိုင်ရာတပ်မတော်မှတာဝန်ရှိသူ များနှင့်ပူးပေါင်းကာ ရွှေ့ပြောင်းရမည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ရွှေ့ပြောင်းကြရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ခြင်းဖြစ်သည့်အတွက် အခက်အခဲများ ကို ကျော်ဖြတ်ကာ ဌာနဆိုင်ရာများ၊ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်အနေဖြင့် ဒေသခံလူမှုရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အမြန်ဆုံးဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် Video conference စနစ်ဖြင့် တက် ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ ခရိုင်နှင့်မြို့နယ်အလိုက် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ရွှေ့ပြောင်းထားရှိမှု၊ ရွှေ့ပြောင်းနေမှု၊ စားရေရိက္ခာများ စုဆောင်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် နှင့်တိုင်းမှူးတို့က ဖြည့်စွက်ဆွေးနွေးပေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ အာကျိတ်တော်ကုန်းပေါ်ရှိ အဓိဋ္ဌာန် ဘုန်းတော်ကြီးကျောင်းတိုက်၌ စစ်တွေမြို့ပေါ် ရပ်ကွက်များဖြစ်သော ဆင်ကူးလမ်း၊ အုန်းတစ်ပင် ရပ်ကွက်နှင့် ဗျိုင်းဖြူရွာ၊ ကျေးတောကျေးရွာတို့မှ မုန်တိုင်းအန္တရာယ်ကြောင့် တိမ်းရှောင်လာကြသော ပြည်သူများအား သွားရောက်တွေ့ဆုံပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံကျေးရွာ မုန်တိုင်းဒဏ်ခံအဆောက် အအုံ၌ ချောင်းနွယ်မင်းဂံကျေးရွာနှင့် ဇော်မတက် ကျေးရွာတို့မှ ပြောင်းရွှေ့ရောက်ရှိလာကြသော ပြည်သူ များအား သွားရောက်တွေ့ဆုံကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောချေ (IDP) စခန်းများသို့ သွားရောက်ပြီး မုန်တိုင်းဖြစ်ပေါ်နေသည့်အခြေအနေ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေ အနေ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ရွှေ့ပြောင်းရမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ မြို့နယ် ပလ္လင်ပြင်ကမ်းခြေ၌ ပင်လယ်ပြင်ကို အမှီပြု လုပ်ကိုင်စားသောက်နေကြသည့် ရေလုပ်သားများ၊ ငါးဖမ်းလှေများ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့အပြင် စစ်တွေမြို့နယ် ဘောဒူဖစခန်း၊ အုန်းတောကြီး၊ အုန်းတောချေ (IDP) စခန်းများတွင် နေထိုင်ကြသူများအား မုန်တိုင်းဒဏ်ခံအဆောက်အအုံ များသို့ ပြောင်းရွှေ့နေရာချထားပေးကာ လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးလျက်ရှိကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)