နှစ်ဂိုးအရှုံးမှ လေးဂိုးပြန်သွင်းပြီး ထိုင်းကို ပြတ်ပြတ်သားသားအနိုင်ယူကာ မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းဗိုလ်လုပွဲတက်ရောက်

 

နေပြည်တော်   မေ  ၁၂


(၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များကို မေ ၁၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌  ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့်   လက်ရှိချန်ပီယံ   ဗီယက်နမ်အသင်း  ဗိုလ်လုပွဲ တက်ရောက်သွားသည်။

 


ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်   မြန်မာအသင်းက   ထိုင်းအသင်းကို လေးဂိုး-နှစ်ဂိုး၊ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းက အိမ်ရှင်ကမ္ဘော ဒီးယားအသင်းကို  လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲ တွင် ထိုင်းအသင်းနှင့် တွေ့ဆုံတိုင်း  ရုန်းကန်ရလေ့ရှိသည့်  မြန်မာ အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတွင်မူ ထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ သို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့သည်။ မြန်မာအသင်းသည် နှစ်ဂိုးအရှုံးမှ  ကစားခဲ့ရသော်လည်း  လေးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နှစ်ပေါင်းများစွာ ဝေးကွာနေ သည့် ဆီးဂိမ်းဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီသည် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း(ဂိုး)၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ မေသက်မွန်မြင့်၊ ရူပါခိုင်၊ ခင်မာလာထွန်း၊ ခင်မိုမို ထွန်း၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစပိုင်း တွင် မြန်မာအသင်း   ခံစစ်အမှားများသည်ကို    အခွင့်ကောင်းယူကာ ထိုင်းအသင်းက ဦးဆောင်ဂိုးများ ဆက်တိုက်သွင်းယူခဲ့သည်။ ၁၁ မိနစ် တွင် ပါနာဂန်၊ ၁၈ မိနစ်တွင် အိုရာပင်က ထိုင်းအသင်းအတွက် ဦးဆောင် ဂိုးများသွင်းယူခဲ့သည်။ နှစ်ဂိုးပေးလိုက်ရသော်လည်း မြန်မာအသင်း ကစားကွက်ပျက်မသွားဘဲ ချေပဂိုးရရှိရန် ကြိုးပမ်းလာရာ ၄၃ မိနစ်တွင် ရူပါခိုင်က ပထမချေပဂိုး   ပြန်သွင်းခဲ့သည်။  ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက ချေပဂိုးရရန် ဆက်တိုက်ကြိုးပမ်းလာရာ ၄၈ မိနစ်တွင် ရူပါခိုင်၏ပေးပို့မှုကို ဝင်းသိင်္ဂီထွန်းက ဒုတိယချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျသွား၍ မြန်မာအသင်းစိတ်ဓာတ်တက်လာပြီး ၅၃ မိနစ် တွင် ခင်မာလာထွန်း၏ ဖန်တီးပေးမှုကို စန်းသော်သော်က အသုံးချကာ အနိုင်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ချေပဂိုး ရရန် ကြိုးပမ်းလာသော်လည်း မြန်မာအသင်း   ခံစစ်အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး  ၉၀+၂ မိနစ်တွင် မြတ်နိုးခင်က အနိုင်သေချာစေမည့် စတုတ္ထဂိုး သွင်းယူခဲ့သည်။

 


မေ ၁၅ ရက်တွင် တတိယနေရာလုပွဲအဖြစ် ထိုင်းအသင်းနှင့် ကမ္ဘော ဒီးယားအသင်း၊ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။      

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF