
နေပြည်တော် မေ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံး သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက် ဌာနများဖြစ်သော ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာအမျိုးသား လေကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် မြန်မာ့စာတိုက်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက် အပါအဝင် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာရန်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ဌာနအကျိုးကို သယ်ပိုးနိုင်သူ များဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ကြရန်လို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဌာနအသီးသီး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်၊ စွမ်းဆောင်ရည်သတ်မှတ်ချက်များ အတိုင်း အစဉ်နှလုံးသွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ “ဝန်ထမ်း ကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့် ဆောင်ပုဒ် အတိုင်း မိမိတိုင်းပြည်အပေါ် အကျိုးပြုနိုင်မည်ဖြစ် ကြောင်း မှာကြားသည်။
ယင်းနောက် ဌာနအသီးသီးက တင်ပြသော လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသည့် လုပ်ငန်း ဆောင်ရွက်နေမှု၊ အခက်အခဲများ၊ ဝန်ထမ်းများနှင့် စပ်လျဉ်းသည့် သက်သာချောင်ချိရေး၊ နေထိုင်ရေး၊ ကျန်းမာရေးအခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်သူ လူထုကို ဝန်ဆောင်မှုများပေးနိုင်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်ရပ်နားကွင်း၊ စစ်ဆေးရေးကွင်းများ အဆင့်မြှင့်တင်ရန် လိုအပ် ချက်များ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်