အရည်အသွေးရှိ အသက်မွေးဝမ်းကျောင်းပညာရေးဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးမြူရေး

Type

 

ကိုချင်း

 

ကျွန်တော်တို့ ငယ်စဉ်တုန်းက   ဒသမတန်း အောင်မြင်ပြီးပါက တက္ကသိုလ်တက်ရောက် ပညာ သင်ကြားရာမှာ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊  စီးပွားရေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်း  တက္ကသိုလ်ဆိုပြီး တက်ရောက်ကြရပါသည်။  ဆေးတက္ကသိုလ်၊  စက်မှုတက္ကသိုလ်၊   စိုက်ပျိုးရေးတက္ကသိုလ်၊  ပညာရေးတက္ကသိုလ်၊      တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ တက္ကသိုလ် စသည်တို့ကို အသက်မွေးဝမ်းကျောင်း တက္ကသိုလ်  (Professional Institution)  များဟု ခေါ်ကြသည်။ ဝိဇ္ဇာ/ သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် တို့တွင် အသီးသီးတက်ရောက်သင်ယူကြရသည်။
 

 

ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်       တက်ရောက်သည့် ကျောင်းသား ကျောင်းသူများသည် ဘွဲ့ရပြီးသော အခါ    သူတို့နှင့်ဆက်စပ်သည့်    လုပ်ငန်းများကို လွတ်လွတ်လပ်လပ်   ရွေးချယ်လုပ်ကိုင်နိုင်ကြသည်။ အဓိကအားဖြင့်         အသက်မွေးဝမ်းကျောင်း ဘာသာရပ်များနှင့် ကွဲပြားခြားနားမှုမှာ အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်ကို     တက်ရောက်သည့် ကျောင်းသား  ကျောင်းသူများသည်    အသက်မွေး ဝမ်းကျောင်းလုပ်ငန်းထဲသို့     ရောက်ရှိသည့်အခါ ဥပမာအားဖြင့်  ဆေးကျောင်းသားများသည် ဆေးပညာနှင့်ပတ်သက်သည့်လုပ်ငန်းများ   ဆောင်ရွက် ခွင့်ရရန်အတွက်   စာတွေ့အပြင် ဆေးရုံ၊ ဆေးပေး ခန်းများ၌    လက်တွေ့လေ့ကျင့်ပြီး    ဆေးကုသမှု အတတ်ပညာကို လက်တွေ့သင်ယူပြီးသောအခါမှ သာ     ဆေးကုသခွင့်လိုင်စင်ကို      သက်ဆိုင်ရာ ပညာရပ်အဖွဲ့အစည်းများထံမှရယူပြီး ဆေးကုသမှု ဆောင်ရွက်ခွင့်    ရရှိသည်။   အလားတူ   စာရင်း ပညာရှင်များသည်လည်း     စာရင်းစစ်ဆေးနိုင်ရန် အတွက် လိုအပ်သည့် မှတ်ပုံတင်လက်မှတ်ရရှိရေး အတွက်      သင်တန်းများတက်ရောက်ကြရပြီး လက်တွေ့စာရင်းကိုင်၊     စာရင်းစစ်လုပ်ငန်းများ သင်ယူပြီးမှ လိုင်စင်ဝင်ရောက်ဖြေဆို၍ မှတ်ပုံတင် ရရှိပြီးမှသာ စာရင်းလုပ်ငန်းများကို   လုပ်ကိုင်ခွင့် ရရှိကြသည်။       ရှေ့နေ၊       ရှေ့ရပ်များသည်လည်း ဥပဒေဘွဲ့ရပြီးသောအခါ သက်ဆိုင်ရာတရားရုံး များမှာ    လက်တွေ့ဆင်းပြီး      အသိအမှတ်ပြု လက်မှတ်ရရှိမှသာ အလုပ်လုပ်ခွင့်ရရှိကြသည်။
အသက်မွေးဝမ်းကျောင်း    ဘာသာရပ်နှင့် ဆက်နွှယ်ပြီး    တက်ရောက်ကြသည့်    ကျောင်းသား ကျောင်းသူများသည်   ဘွဲ့ရရှိပြီး     လုပ်ငန်းခွင် ဝင်ရောက်ကြသောအခါ        ဆောင်ရွက်ရသည့် အသက်မွေးဝမ်းလမ်းကြောင်းသည် အခြားပညာရပ် များမှ ဘွဲ့ရရှိသူများနှင့် မတူညီသည်ကို ဦးစွာရှင်းပြ လိုခြင်း ဖြစ်သည်။

 


ပညာရှင်အဖွဲ့အစည်းများ


ကျွန်တော်တို့ခေတ်တုန်းက ပညာရှင်များအား ကြပ်မတ်ကွပ်ကဲသည့် ပညာရှင်အဖွဲ့အစည်းများ အဖြစ် စာရင်းကောင်စီ၊ ဆေးကောင်စီ၊  ရှေ့နေများ အတွက် ဘားကောင်စီ (Bar Council) တို့ရှိကြသည်။ ထိုစဉ်က    ဗိသုကာ၊       အင်ဂျင်နီယာလုပ်ငန်းများ အတွက်     ဗိသုကာ၊   အင်ဂျင်နီယာမှတ်ပုံတင်ရှိမှ အလုပ်လုပ်နိုင်မည့် သတ်မှတ်ချက်မရှိခဲ့ပါ။ 

 


ကျွန်တော်တို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ်       စတင်ဝင်ရောက်ခဲ့သည့်     အချိန်မှစ၍ အသက်မွေးဝမ်းကျောင်း       ပညာရပ်များဖြင့် အောင်မြင်ပြီးသူများ   လုပ်ငန်းခွင်ဝင်ရောက်မည် ဆိုလျှင်   ပညာရပ်ဆိုင်ရာမှတ်ပုံတင်ရှိမှ       မိမိနှင့် သက်ဆိုင်သည့်လုပ်ငန်း       လုပ်ခွင့်ရမည်ဆိုသည့် ကိစ္စရပ်တွေကို အာဆီယံက ကြပ်မတ်လာပါသည်။ ယင်းကို Mutual Recognition Arrangement (MRA) ဟု ခေါ်ဆိုပြီး    ပညာရှင်များ     အာဆီယံ အတွင်းမှာ  လွတ်လပ်စွာ   လုပ်ငန်းများလုပ်ကိုင် နိုင်ရန်အတွက်    မှတ်ပုံတင်ရန်   လိုအပ်လာခြင်း ဖြစ်သည်။       ယင်းအချိန်မှစ၍       အသက်မွေး ဝမ်းကျောင်းပညာရပ်များဖြစ်သည့်  အင်ဂျင်နီယာ၊ ဗိသုကာ၊    ဆေး၊  သွားဘက်ဆိုင်ရာ၊    သူနာပြု၊ စာရင်းစစ်၊ မြေတိုင်း ဘာသာရပ်များတွင် Mutual Recognition Arrangement (MRA)  ကို အပြန် အလှန်    သဘောတူညီမှုအစီအစဉ်များ    ဆွေးနွေး ကြပြီး အဆိုပါပညာရပ်များ၏  ဘွဲ့သင်တန်းများအား အရည်အသွေးစိစစ်အသိအမှတ်ပြုရန် လိုအပ်ချက် ကို ထည့်သွင်းတောင်းဆိုလာကြသည်။

 


ကျွန်တော်တို့နိုင်ငံက ထိုသို့ ဗိသုကာ၊ အင်ဂျင် နီယာ၊    ဆေး၊   သွားဘက်ဆိုင်ရာ၊     သူနာပြု၊ စာရင်းစစ်၊     မြေတိုင်းပညာရပ်များ၌     Mutual Recognition  Arrangement (MRA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့်အတွက် သက်ဆိုင်ရာ ပညာရပ်များမှ ပညာရှင်များက အာဆီယံအစည်း အဝေးများတွင် ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် မှတ်ပုံတင်ခြင်း၊ ဘွဲ့အသိအမှတ်ပြုခြင်း၊ ကျွမ်းကျင် မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ခြင်း စနစ်များကို ထူထောင်ရန်ဖြစ်ပေါ်လာသည်။   အဆိုပါကိစ္စများ သည်    ဝန်ဆောင်မှုကုန်သွယ်ရေး    (Trade in Services) ဟု ခေါ်သည့်   ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ အစည်းကြီး၏ ကုန်သွယ်ရေးဝန်ဆောင်မှုများမှ စတင်လာခြင်း    ဖြစ်သည်။   ဒုတိယကမ္ဘာစစ်ကြီး ပြီးခါစ General Agreement on   Tariffs and Trade လို့ခေါ်သော GATT အဖွဲ့အစည်းပေါ်လာပြီး ယင်းနောက်တွင်   World Trade Organization (WTO)    အဖွဲ့အစည်းကြီးပေါ်လာသည်။     WTO နှင့်အတူ   Trade   in Services ပေါ်ပေါက်လာပြီး ဝန်ဆောင်မှု (Services) လုပ်ငန်းများကို ဆောင်ရွက် ပေးမည်ဆိုပါက    ပုံစံလေးခုဖြစ်သည့်    နယ်စပ် ဖြတ်ကျော် ဝန်ဆောင်မှုပေးခြင်း၊ နယ်စပ်ဖြတ်ကျော် စားသုံးခြင်း၊ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော်     အလုပ်လုပ်ကိုင်ခြင်းဟူ၍ သတ်မှတ်ပြဋ္ဌာန်းလာပါသည်။ 

 


ဝန်ဆောင်မှုကုန်သွယ်ရေး


ဝန်ဆောင်မှုကုန်သွယ်ရေး၏     စတုတ္ထပုံစံ (Mode 4)  ဖြစ်သည့် ပညာရှင်များက နယ်စပ်ဖြတ် ကျော် အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များ၌   မြန်မာ နိုင်ငံက ပညာရှင်များနှင့်ပတ်သက်လာပြီး ဝန်ဆောင်မှု ကုန်သွယ်ရေးပါ  စတုတ္ထပုံစံအရ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ရာတွင်          ပညာရှင်များအတွက် ဘွဲ့သင်တန်းအသိအမှတ်ပြုမှု၊ ကျွမ်းကျင်မှုဆိုင်ရာ    အရည်အချင်းနှင့် မှတ်ပုံတင်ခြင်းစနစ် သတ်မှတ်ချက် များအား     မည်သည်တို့    သတ်မှတ်ပြဋ္ဌာန်းရမည် ဆိုသည့် လိုအပ်ချက်များ ဖြစ်ပေါ်လာသည်။

 


ယင်းအတွက် ပညာရှင်များဖြစ်လာရန် အများ သဘောတူထားသည့် သင်ရိုးညွှန်းတမ်းနှင့် ကာလ ဖြင့် သင်ကြားသည့် ဘွဲ့သင်တန်းများမှ အောင်မြင် ရန်၊ လက်တွေ့လုပ်သက် မည်မျှရှိရန်၊   မည်သည့် အတွေ့အကြုံရှိရန်၊ ပညာရှင်မှတ်ပုံတင် လက်မှတ် ရှိရန်   စသည့်    သတ်မှတ်ချက်များ   ချမှတ်လာကြ သည်။   ထို့ကြောင့်    ကျွန်တော်တို့နိုင်ငံမှာလည်း  ယင်းကိစ္စများနှင့်ပတ်သက်၍     ပညာရှင်များအား ကြပ်မတ်ထိန်းသိမ်းရန်        ဥပဒေများရေးဆွဲ၍ ပညာရပ်ကောင်စီဟုခေါ်သည့် အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ ထူထောင်ပြီး  ဆောင်ရွက်လာကြရ သည်။

 


လွတ်လပ်စွာ  ကူးသန်းရောင်းဝယ်ခွင့် သဘော တူညီချက် (Free Trade Agreement) တွင် အဓိက သုံးမျိုးဖြစ်သည့်    ဈေးကွက်ဖွင့်ခြင်း    (Market Assess)၊    ရောင်းချခွင့်ပေးခြင်း    (Commercial Presence)၊ ပညာရှင်များ၊  ကျွမ်းကျင်သူများနှင့် ပတ်သက်ပြီး    ဘယ်လိုစနစ်နှင့်    အရည်အချင်း သတ်မှတ်မည်ဆိုသည့်    (National    Treatment) ကိစ္စရပ်များ ပါဝင်သည်။ 

 


လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်သဘောတူညီချက် (Free Trade Agreement) ၌ စတုတ္ထပုံစံ (Mode 4)  အရ နယ်စပ်ဖြတ်ကျော် (Cross Border) သွားရောက်  အလုပ်လုပ်ကိုင်မည့်သူများအတွက် မှတ်ပုံတင်လက်မှတ်၊  လိုင်စင် စသည်တို့ကို ဥပဒေ ပြဋ္ဌာန်းပြီး   အရည်အချင်း    ပြည့်ဝသူသို့   ထုတ်ပေး နိုင်ရေး  ဆောင်ရွက်ပေးရန်   လိုအပ်ချက်ကြောင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ဘွဲ့ရပြီး လုပ်ငန်းခွင်သို့    ရောက်ရှိနေကြသည့်    ဗိသုကာ၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ သူနာပြု၊ စာရင်းစစ် စသည့် အသက်မွေးဝမ်းကျောင်း      ပညာရှင်များအတွက် အာဆီယံနှင့်        လိုက်လျောညီထွေဖြစ်အောင် နိုင်ငံတော်က    ပညာရပ်ကောင်စီများ   ထူထောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့  ဆောင်ရွက်ပေးခဲ့ ခြင်းဖြင့် အာဆီယံအဆင့်    လက်မှတ်ရ   စာရင်းစစ် ပညာရှင်များ၊ အာဆီယံအဆင့် လက်မှတ်ရ ဗိသုကာ၊ အင်ဂျင်နီယာပညာရှင်များ ပေါ်ပေါက်လာသည်။

 


 မှတ်ပုံတင်လက်မှတ်များ ရရှိရေး


ယခုလိုစနစ်များ  ပေါ်ပေါက်လာသည့်အတွက် တက္ကသိုလ်ပညာရပ်များ      ပြီးဆုံးသွားသည့်အခါ ဒေသတွင်း အမျိုးသားအဆင့်အသိအမှတ်ပြုထားသည့် မှတ်ပုံတင်လက်မှတ်များ    ရရှိရေးအတွက် လက်တွေ့လုပ်ငန်းခွင်ဝင်ခြင်း၊    တက်ရောက်သင့် သည့်      သင်တန်းများ     တက်ရောက်ကြရသည်။ လုပ်သက်ပြည့်သည့်အခါ မှတ်ပုံတင်လက်မှတ်များ ရရှိရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ  အရည်အချင်း သတ်မှတ်ချက်နှင့်   ပြည့်မီကြောင်း   အစစ်ဆေး ခံရမည်ဆိုသည့် စနစ်များကို ပြဋ္ဌာန်းဆောင်ရွက်လာ ကြရသည်။    ယခုကဲ့သို့   ဆောင်ရွက်ရာတွင် ပထမ ဦးစွာ     မှတ်ပုံတင်ပေးအပ်ရန်     စစ်ဆေးမည့်အဖွဲ့ အစည်း   (Professional Regulatory Authority– PRA) ရှိရမည်ဖြစ်သည်။   ယင်းအဖွဲ့အစည်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးသည်။ 

 


မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်  နောက်ထပ် တွေ့ကြုံရသည့် ပြဿနာတစ်ခုမှာ   ပညာရှင်များ ရရှိထားသည့် ဘွဲ့သည် ဒေသတွင်းအဖွဲ့အစည်းများမှ တညီတညွတ်တည်း         သဘောတူပြီးဆုံးဖြတ်ထား သော     သင်ရိုးနှင့်ကာလများဖြင့်   သင်ကြားသည့် ဘွဲ့သင်တန်း၌          သင်ကြားရမည်ဆိုသည့်အချက် ဖြစ်သည်။    ဘွဲ့သင်တန်းများ   ပညာသင်ကာလနှစ် မည်မျှရှိရန်နှင့်   ဘွဲ့ရရှိပြီး   လက်တွေ့လုပ်သက်နှစ် မည်မျှရှိရန်ဆိုသည့် သတ်မှတ်ချက်များ ပါဝင်လာပါ သည်။   ဥပမာအားဖြင့်   အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများပေးမည့်          လုပ်ငန်းများအတွက် Engineering Services Professional (ESP)  ဖြစ် ရန်၊ ESP တစ်ယောက်သည် နိုင်ငံတကာ သဘော တူညီထားသည့်    သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးထားသည့် ဘွဲ့သင်တန်းမှ အောင်မြင်ရမည်ဆိုသည့်အချက် ပါဝင်လာသည်။

 


ထို့ကြောင့် ဘွဲ့သင်တန်းများကို   နိုင်ငံတကာ အသိအမှတ်ပြုသည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်     သင်ကြားပေးရမည်ဖြစ်သည့်အတွက် အင်ဂျင်နီယာဘွဲ့သင်တန်းများသည်    နိုင်ငံတကာ သဘောတူညီမှုအတိုင်း၊  ပြဋ္ဌာန်းထားသည့် သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားမှု ရှိ/မရှိ၊ သတ်မှတ်ထား သော Programme Outcome များ   ရှိ/   မရှိ၊ ဘွဲ့သင်တန်းကာလများ     သတ်မှတ်ချက်နှင့်    ညီ/မညီ၊    ကျန်သောသတ်မှတ်ချက်များသည်လည်း ပြည့်စုံမှု ရှိ/မရှိ စသည့် အချက်များလည်း ပြည့်စုံရန် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည်။

 


နိုင်ငံတကာသဘောတူညီမှု၏      အမြင့်ဆုံး တောင်းဆိုချက်မှာ    ဘွဲ့သင်တန်းအား       စိစစ် အသိအမှတ်ပြုမှု   (Accreditation) ဟု ခေါ်သော ဘွဲ့သင်တန်းများကို      စိစစ်အသိအမှတ်ပြုထား ရမည် ဆိုသည့်အချက်ဖြစ်သည်။ စိစစ်အသိအမှတ် ပြုရမည့်  အဖွဲ့အစည်းသည် မိမိတို့နိုင်ငံတွင် ရှိရမည် ဖြစ်ပြီး ယင်းအဖွဲ့အစည်းသည်လည်း ဥပဒေနှင့်အညီ တည်ထောင်
ထားရမည်ဖြစ်သည်။ ပညာရပ်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း   တက်ကြွစွာပါဝင်ပြီး  ဆောင်ရွက်နေရမည်ဆိုသည့်         အချက်များ တောင်းဆိုလာသည်။

 


ကျွန်တော်တို့နိုင်ငံအနေဖြင့်       ယခုကဲ့သို့ တောင်းဆိုမှုများအတိုင်း   အာဆီယံတွင်    ပါဝင် ဆောင်ရွက်ပြီး ပညာရှင်များကို       လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်     အလုပ်လုပ်ကိုင်ခွင့်    အပြန် အလှန်အသိအမှတ်ပြုနိုင်ရေးအတွက် MRA အရ လိုက်ပါဆောင်ရွက်ပါသည်။

 


အချုပ်အားဖြင့်   MRA  အရ   Professional Regulatory Authority (PRA) လိုအပ်လာပြီး ယင်း PRA အရ အင်ဂျင်နီယာများ မှတ်ပုံတင်ရမည်ဆိုတာ ဖြစ်လာပါသည်။ မှတ်ပုံတင်နိုင်ရန်အတွက် မှတ်ပုံ တင်ရမည့် အရည်အချင်းသတ်မှတ်ချက်၊ လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှုများ ပြဋ္ဌာန်းရမည်။ ယင်းပြဋ္ဌာန်း ချက်များနှင့် ညီ/မညီ ဆန်းစစ်ရမည်။   ဆန်းစစ်မှု ခံယူမည့်   ပုဂ္ဂိုလ်များသည်   စိစစ်အသိအမှတ်ပြု ထားသော   ဘွဲ့သင်တန်းများမှ ဘွဲ့ရရှိသူဖြစ်ရမည် ဖြစ်သည်။ 

 


ထိုသို့ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာမှုများသည် နောက်ဆုံးအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ၏ ဘွဲ့သင်တန်းများအား  စိစစ်အသိအမှတ်ပြုထား ရမည်     ဆိုသည်အထိ   ဖြစ်လာသည်။   ထို့ကြောင့် အသက်မွေးဝမ်းကျောင်း         တက္ကသိုလ်များမှ ဘွဲ့သင်တန်းများသည်   နိုင်ငံတကာနှင့်   ပညာရှင် အဖွဲ့အစည်းများမှ အသိအမှတ်ပြုသော၊  သဘော တူညီထားသော    သတ်မှတ်ချက်များနှင့်အညီ သင်ကြားပေးရန်   လိုအပ်သည်။    သတ်မှတ်ချက် များတွင် ရလဒ်အခြေပြု ပညာရေး၊ ဘွဲ့ရတစ်ယောက် တတ်ကျွမ်းရမည့်အရည်အချင်း၊ ဘွဲ့ရဂုဏ်ရည်များ၊ ဘွဲ့သင်တန်းများတွင်    သင်ကြားရမည့်    သင်ရိုး ညွှန်းတမ်းများ၊    သင်ကြားရမည့်အချိန်   စသည့် သဘောတူညီမှုများလည်း      ထပ်ပြီးလိုအပ်လာ ပြန်သည်။

 


ကျွန်တော်တို့၏    ကျောင်းသား   ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ကျောင်းတက်ရင်းနှင့် အဆိုပါအခွင့်အလမ်းများ တစ်ပြိုင်တည်း ရရှိသွား နိုင်ရေးအတွက်    ဘွဲ့သင်တန်းများ၏    သင်ရိုး ညွှန်းတမ်းများကို   နိုင်ငံတကာမှာ သဘောတူညီ ထားတဲ့ စံချိန်စံညွှန်းများအတိုင်း ရေးဆွဲသင်ကြား ရန်၊  ယင်းဘွဲ့သင်တန်းများကို အဆိုပါ စံချိန်စံညွှန်း များနှင့်အညီ   ရေးဆွဲသင်ကြားပေးနေသည်ဆိုသည် ကို စိစစ်အသိအမှတ်ပြုထားရန်လည်း လိုအပ်သည်။      

 


ယခုကဲ့သို့     စိစစ်အသိအမှတ်ပြုထားသော   ဘွဲ့သင်တန်းများမှ   အောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား အသိအမှတ်ပြုပြီး ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်ပြီး  ပညာရှင်များ၏ ဝန်ဆောင်မှု များကို   Trade   in   Services အရ ဆောင်ရွက်နိုင်မည် ဖြစ်သည်။      ဆက်လက်ပြီး    ဘွဲ့ရရှိလာသော ကျောင်းသား ကျောင်းသူများကို ပညာရှင်မှတ်ပုံတင် လက်မှတ်များရရှိနိုင်ရေး   ဆက်လက်ဆောင်ရွက် ပေးရမည် ဖြစ်သည်။  ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့်  ပညာရှင်များ၏   Career   Pathway အတိုင်း  ဝင်ရောက်လာကာ    နောက်ဆုံးတွင်         ပညာရှင် အဆင့်မှ    ကျွမ်းကျင်ပညာရှင် (Expert)၊  တတ်သိ ပညာရှင် (Consultant) အဆင့်ထိ ရောက်ရှိလာရန် ယနေ့အချိန်တွင် ဥပဒေနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက် နေကြခြင်း ဖြစ်သည်။

 


ပညာရေးညီလာခံသည်  မကြာခင်မှာ ကျင်းပ တော့မည်ဖြစ်သည့်အတွက်    ညီလာခံ၌   အခြေခံ ပညာရေးကဏ္ဍ၊    အဆင့်မြင့်ကဏ္ဍ၊    အသက်မွေး ဝမ်းကျောင်းပညာကဏ္ဍများ ထည့်သွင်းဆွေးနွေး ရာတွင်      အထူးသဖြင့်    အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍမှာ    ကျောင်းသင်ခန်းမှ     ပြီးဆုံးပြီး ဆက်လက်လေ့ကျင့်          သင်ကြားပေးရမည့် ကျောင်းသင်ခန်းလွန် အစီအစဉ်များကို ထည့်သွင်း စဉ်းစားဆွေးနွေးရန် ပြင်ဆင်နေခြင်းကို သိရှိရသည့် အတွက် များစွာဝမ်းမြောက်မိသည်။

 


နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိမည်


နောက်တစ်ချက်အနေဖြင့်          အသက်မွေး ဝမ်းကျောင်းပညာကဏ္ဍမှာ     သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများ၊   သင်ရိုးဇယားများ၊    အချိန် ကာလများသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာ မှ လက်ခံနိုင်သော သင်ရိုးညွှန်းတမ်းများ၊ အချိန် ကာလများ ဖြစ်ခဲ့ပါက  “ကျွဲကူးရေပါ”   သင်တန်း ကာလပြီးဆုံးသည်နှင့်      အသိအမှတ်ပြုမှုကိုပါ တစ်ပါတည်းရရှိနိုင်မည်     ဖြစ်သည့်အတွက် ကျွန်တော်တို့ လူငယ်များ၏ ပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု    (Qualfication    and Competency)      သည်လည်း    နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိမည်ဖြစ်သည်။

 


ကျွန်တော်တင်ပြနေသည့်     အချက်သည် ကျောင်းသားကျောင်းသူများကို          နိုင်ငံခြားသို့ သွားပြီး အလုပ်လုပ်ရန်အတွက် ဆွေးနွေးနေခြင်း မဟုတ်ပါ။ ပြည်တွင်းလုပ်ငန်းများ၌ အရည်အချင်း ပြည့်ဝသည့်  ပညာရှင်များ   ပေါ်ပေါက်ရန်အတွက် ဖြစ်သည်။   ယခုဆိုလျှင်   ကျွန်တော်တို့နိုင်ငံမှာ အာဆီယံအဆင့်     အင်ဂျင်နီယာ      ၆၀၀   ကျော်၊ စာရင်းပညာရှင်   ၄၀၀ ကျော်ခန့်ရှိနေပြီဖြစ်သော် လည်း အဆိုပါအင်ဂျင်နီယာ   ၆၀၀   ကျော်လောက် တွင်     အင်မတန်နည်းပါးသည့်    အရေအတွက် လောက်သာ    အလုပ်ရနေကြသည်။    ဒေသတွင်း နိုင်ငံများအနေဖြင့်      ၎င်းတို့၏အကျိုးစီးပွားကို ဦးတည်ပြီး Free Trade Area၊ MRA၊ Trade   in Services တို့ ပြောဆိုနေကြသော်လည်းပဲ    သူတို့ အကျိုးစီးပွားအတွက်    တစ်ကွက်ချန်ကာ    အမြဲ ကာကွယ်ထားကြပြီး      ကျွန်တော်တို့နိုင်ငံတွင် ရှိသော အလုပ်အကိုင်အခွင့်အလမ်းများကိုတော့ လာယူနေကြသည်ကို တွေ့မြင်ရသည်။ 

 


သို့အတွက်ကြောင့် ဖွဲ့စည်းထားသည့် ပညာရပ် ကောင်စီ    (PRA)   များသည်    ကျွန်တော်တို့၏ ကျွမ်းကျင်သော    ပညာရှင်များအတွက်    အလုပ် အကိုင်     အခွင့်အလမ်း     မဆုံးရှုံးစေရန်အတွက် ပြည်ပမှ    ပညာရှင်များဝင်လာပြီး    စည်းမဲ့ကမ်းမဲ့ နေရာယူသွားမှုမဖြစ်စေရေးအတွက်    ကာကွယ် ပေးနေရခြင်းဖြစ်သည်။

 


တစ်နည်းအားဖြင့်    ကျွန်တော်တို့၏    ဘွဲ့ သင်တန်းများကို   နိုင်ငံတကာသဘောတူညီမှုနှင့် အညီ လေ့ကျင့်သင်ကြားထားပြီး စိစစ်အသိအမှတ် ပြုမှုများပြုလုပ်ထားပါက ကျွန်တော်တို့၏ ပညာရှင် များနေရာကို  အလွယ်တကူ   နေရာဝင်ယူခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။        သို့အတွက်ကြောင့် အတတ်ပညာရှင်များနှင့်     သက်မွေးပညာရှင်များ အတွက် ကာကွယ်ပေးသည့်အနေဖြင့် လိုအပ်ချက် ဖြစ်သော ဘွဲ့သင်တန်းများ စိစစ်အသိအမှတ်ပြုမှု (Accreditation)       လုပ်ငန်းကို    အာရုံစိုက်ပြီး လုပ်ဆောင်ပေးကြရန်၊        ကျောင်းသင်ခန်းလွန် လေ့ကျင့်ပေးမှု၊ ပညာပေးမှု သင်တန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးကြ မည်ဖြစ်၍      ဝမ်းမြောက်ဝမ်းသာနှင့်       ပညာရေး ညီလာခံ    ၂၀၂၃    အား    ကြိုဆိုထောက်ခံအပ်ပါ သည်။      ။