ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ . . .

Type
77

 

ကျောင်းသားမိဘတစ်ဦး
 

“ကျောင်းနေအရွယ်ကလေးအားလုံး    ပညာရေး မဝေးဖို့   မေ ၂၃ ရက်မှ ၃၁ ရက်အတွင်း    ကျောင်း အမြန်အပ်နှံစို့” 
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက  ကျွန်တော်၏ လက်ကိုင်ဖုန်းထဲသို့ ပညာရေးဝန်ကြီးဌာန    အခြေခံ ပညာဦးစီးဌာနက    ပေးပို့သော   အထက်ပါမက်စ်ဆေ့ နှိုးဆော်လွှာလေးတစ်ခု ရောက်ရှိလာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်တော့မည်။ ယခုပညာ သင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရ သည်။  

 


မကြာမီ မုတ်သုံမိုးဦးဝင်ရောက်လာတော့မည်။ တောင်လေဖြူးသည့် ဤလရာသီတွင်  ပင်အိုပင်ပျို တို့သည် မုတ်သုံမိုးစက်ပွင့်များနှင့်အတူ စိမ်းမြမြနှင့် ယိမ်းကကြပေတော့မည်။ စာသင်ရန်ကျောင်းတံခါး တွေလည်း   တစ်ကြိမ်ပြန်ပြီး   ဖွင့်လှစ်တော့မည်။  အဖြူနှင့်  အစိမ်း ကျောင်းဝတ်စုံကိုယ်စီ ဆင်မြန်း ထားသော ချစ်စဖွယ်ရင်သွေးငယ်များကို ကြည်နူးစွာ တွေ့မြင်ကြရတော့မည်။ 

 


ခေါင်းလောင်းသံချိုမြမြကို       ပြန်လည် ကြားယောင်လာသည် - 
“လဲနေသူ ထူပေးပါ။
အားငယ်သူ အားပေးပါ။
ရေထဲကလူ ဆယ်ယူပါ။
အကူအညီပေးပါ။”
“အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း၊ 
စုပေါင်း အမှိုက်သိမ်း။”


ငယ်စဉ်သူငယ်တန်းကျောင်းသားဘဝ  မြန်မာ သင်ပုန်းကြီးဖတ်စာသစ်ထဲက   ကဗျာများ၊ စာများ သူ့အလိုလို အံကျလာသည် - 


“အရွယ်ရောက်လာ၊ တို့ကျောင်းမှာ၊
ပညာသင်ကြားကြ။
ရွာ၏အလယ်၊ ဂုဏ်ယူဖွယ်၊
တင့်တယ်လှပေစွ။
ကျောင်းသား ကျောင်းသူ၊ ချစ်ကြည်ဖြူ၊ 
ညီတူဝတ်ဆင်ရ။
ကျောင်းပတ်ဝန်းကျင်၊ နေ့စဉ်ပင်၊
ပြုပြင်သန့်ရှင်းကြ။
ကျောင်းဥယျာဉ်မှာ၊ မျိုးစုံစွာ၊
ညီညာစိုက်ပျိုးကြ။
ကျောင်း၏စည်းကမ်း၊ မပျက်တမ်း၊
ဝန်ထမ်းစောင့်ထိန်းကြ။
တို့ကျောင်းကိုခင်၊ တို့ချစ်လျှင်၊
မြဲပင်လေးစားကြ။
ကျောင်း၏ကျေးဇူး၊ ပညာဖူး
ဆွတ်ခူးနေ့စဉ်ရ။
တို့ကျောင်းဂုဏ်ရောင်၊ တိုးမြှင့်အောင်၊
ရည်ဆောင်ကြိုးစားကြ”


ဟူသည့် တတိယတန်းမြန်မာဖတ်စာသစ်ထဲက “တို့ကျောင်း” ကဗျာလေးကိုလည်း     နှုတ်တက်ရွရွ အံမိပြန်ပါသည်။
ဝလုံးလေးကိုဝိုင်းအောင် မရေးတတ်၍    ကျွန်တော့် လက်ဆစ်  လက်ခေါက်ကို     ပေတံဇောင်းဖြင့် ခေါက်၍ခေါက်၍ သင်ကြားပေးခဲ့ပါသော   သူငယ် တန်းပြဆရာမလေးအပါအဝင်   ငယ်ဘဝက အနန္တ ကျေးဇူးရှင် ဆရာ ဆရာမများကို ပြန်လည်အမှတ်ရ အောက်မေ့လာမိသည်။

 


ငယ်ဘဝက    ကျောင်းနေဖက်ငယ်သူငယ်ချင်း အများစုနှင့်မူ ကျောင်းသားစုံညီပွဲတော်များ၌ မကြာ ခဏဆုံတွေ့ဖြစ်သည်။ အချို့က   အရာရှိအရာခံ၊ ကုန်သည်ပွဲစား၊ လုပ်ငန်းရှင်ဘဝတို့ဖြင့် တင့်တောင်း တင့်တယ်။ အချို့ကား လက်လုပ်လက်စားဘဝဖြင့် ဘဝကို ရုန်းကန်ဖြတ်သန်းလျက်။    ဘဝခရီးကို  သက်သောင့်သက်သာဖြတ်သန်းသူ အများစုအား  လေ့လာကြည့်လျှင်  ပညာရေးကို  ဆုံးခန်းတိုင်အောင် သင်ကြားပြီးမြောက်သူ၊    ဘွဲ့ရပညာတတ်များ ဖြစ်ကြလေသည်။    ဘဝခရီးကို    ပင်ပန်းကြီးစွာ ဖြတ်သန်းနေကြသူအများစုမှာမူ    ပညာရေးကို ဆုံးခန်းတိုင်အောင်      မသင်ကြားနိုင်ခဲ့ကြသူများ ဖြစ်နေလေသည်။

 


 ရင်သွေးငယ်များကို ပညာတတ်များ ဖြစ်စေချင်


အချိန်နှင့် ဒီရေသည်  လူကိုမစောင့်။      ကုန်လွန် သွားသည့်အချိန် ကာလများက ပြန်လည်၍   မရ စကောင်းပေ။  အချို့က  ငယ်ရွယ်စဉ်မှာ   ပညာ ကောင်းစွာမရှာခဲ့မိ၍    စိတ်ပျက်အားငယ်ကြရှာ သည်။ သို့သော်   သူတို့၏    တူညီသောဆန္ဒကား မိမိတို့၏    ရင်သွေးငယ်များကို ပညာတတ်များ ဖြစ်စေချင်ကြသည်။  ဘဝပေးအသိ၊    ဘဝပေး သင်ခန်းစာများအရ ဖြစ်ပေလိမ့်မည်။

 


မှန်ပါသည်။ မိဘတို့သည်    မိမိရင်သွေးငယ်များ ဘွဲ့ရပညာတတ်များ ဖြစ်လာစေရေးအတွက် ပညာ သင်ချိန်တွင် ပညာသင်ကြားနိုင်မည့်   အခြေခံအခွင့် အလမ်းကောင်းများကို    ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သကဲ့သို့   ရင်သွေးငယ်များဘက်ကလည်း ဘွဲ့ရပညာတတ်များ    ဖြစ်လာစေရန်   ကိုယ်တိုင် ကြိုးစားသင်ကြားသင်ယူကြရမည်ဖြစ်သည်။  မိဘ ဟူသည်က       အခြေခံအခွင့်အလမ်းကောင်းများကို    ဖန်တီးဖော်ဆောင်ပေးရုံမျှသာ  တတ်နိုင်သည်။   ကိုယ့်ရင်သွေးငယ်များကို      ဘွဲ့ရပညာတတ်ကြီး တစ်ယောက်ဖြစ်လာအောင်  ဥုံဖွဟူ၍ မန်းမှုတ် လုပ်ဆောင်ပေးကာ    မရနိုင်ပေ။    ရင်သွေးငယ် ကျောင်းသားကိုယ်တိုင်က ကြိုးစားမှဖြစ်လာနိုင်မည့် အရာဖြစ်သည်။ ဆိုရလျှင်  မိဘကသားသမီးကို   ကျောင်းထားပေးရမည့်  ဝတ္တရားရှိသလို        သားသမီး ကလည်း စာကြိုးစားရမည့်တာဝန်ရှိပေသည်။

 


သို့ရာတွင်    အသိမိတ်ဆွေ  ကျောင်းသားမိဘ အချို့မှာမူ  စိတ်ခံစားချက်များအရ ပြီးခဲ့သည့်နှစ်နှစ် တာကာလအတွင်း မိမိရင်သွေးငယ်များကို ကျောင်း အပ်နှံရေးအတွက် ပျက်ကွက်မှုအချို့လည်း   ရှိခဲ့ သည်။

 


“ကျွန်တော်တို့လူမျိုးသည်   အရာရာအပေါ် ခံစားလွယ်လွန်း၊ သံသယရှိလွန်း၊    အလေးအနက် ထားလွန်းကြလျက် နိုင်ငံရေးနှင့် ဝါဒရေးရာတို့အား  ဘဝဝယ်အရေးအကြီးဆုံးအရာသဖွယ်    မှတ်ယူကြ သည်။ နိုင်ငံရေးနှင့် ဝါဒရေးရာတို့ဟူသည် အရေး ကြီးပေသည် မှန်သော်လည်း လူ့ဘဝဇာတ်ခုံ၌အဓိက အကျဆုံးတော့မဟုတ်ပေ။     လူသားအချင်းချင်း စည်းလုံးညီညွတ်စွာ     လိုက်လျောညီထွေနေထိုင် ဆက်ဆံသွားနိုင်ရေးသည်သာ အဓိကပင်”   ဟူသည့် ဒေါက်တာမောင်မောင်၏   တစ်ချိန်က       သုံးသပ် ရေးသားချက်အချို့ကို အမှတ်ရမိသော်လည်း မိမိ ရင်သွေးငယ်တို့၏အနာဂတ်ဘဝကို  ကာယကံရှင် မိဘများကိုယ်တိုင်သာ  ကိုယ်ပိုင်သုံးသပ်ဆုံးဖြတ် ရမည့်ကိစ္စသာ ဖြစ်ပေသည်။ 

 


“နှုတ်မှုပညာကိုလည်းကောင်း၊  လက်မှုပညာ ကိုလည်းကောင်း   ငယ်၏ဟူ၍  မအောက်မေ့ရာ။ ကုန်စင်အောင်    တတ်မူကား      တစ်ခုတည်းသော အတတ်သည်လည်း   အသက်မွေးကျောင်းဖြစ်လေသတည်း”ဟူသည့် လောကနီတိပါအတိုင်း အသိ ပညာ၊ အတတ်ပညာဟူသည် လောကလူသားတို့၏ ဘဝခရီးတွင်     အရေးပါရုံသာမက    အနာဂတ် နိုင်ငံတော်၏      ရှေ့အနာဂတ်ခရီးအတွက်လည်း အဓိကအကျဆုံးဖြစ်ပေသည်။

 


နိုင်ငံတစ်နိုင်ငံ   စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ  အဓိကတည်ဆောက်ရခြင်းဖြစ်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ် ပညာပြည့်စုံသည့်ပညာတတ်များပေါ်ထွက် လာစေ ရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံးအလယ်တန်း အဆင့်(KG+9) ပြီးမြောက်ရေးအတွက်   အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အလယ် တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စား သူများတက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းကို ခရိုင် ၅၀ တွင်  ဖွင့်လှစ်နိုင်ရန်အတွက်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ပြည်ပပညာတော်သင်များ မျှော်မှန်းနိုင်


အခြေခံပညာအလယ်တန်းအဆင့်    ပြီးမြောက် အောင်မြင်ပြီး       ပညာဆက်လက်သင်ယူမည့်   ကျောင်းသားလူငယ်များအနေဖြင့်    အခြေခံပညာ (အထက်တန်း)၊    စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေး    အတတ်ပညာစသည့်         ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့် အခွင့် အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး    အလုပ်အကိုင် အခွင့်အလမ်းများလည်း    ရရှိနိုင်မည်ဖြစ်သည်။ ထူးချွန်ထက်မြက်သူများအနေဖြင့်လည်း ဝါသနာ ပါရာ အဆင့်မြင့်ပညာများကို    သက်ဆိုင်ရာ သိပ္ပံ၊   ကောလိပ်၊   တက္ကသိုလ်များတွင်   ဆက်လက်သင်ယူ နိုင်မည် ဖြစ်သကဲ့သို့    ပြည်ပပညာတော်သင်များ အဖြစ်လည်း မျှော်မှန်းနိုင်မည်ဖြစ်သည်။

 


နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ   ၂၆   ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  လူရည်ချွန် မောင်မယ်များအား တွေ့ဆုံစဉ် “လူငယ်ဆိုသည်မှာ အနာဂတ်တွင်     နိုင်ငံတော်၏   တာဝန်များကို   ပခုံးပြောင်းထမ်းဆောင်ကြရမည့်    သားကောင်း ရတနာများပင်   ဖြစ်ပါကြောင်း။

 


ပညာထူးချွန်ပြီး ထက်မြက်သည့်  ဉာဏ်ရည် ဉာဏ်သွေးနှင့်   အသိပညာ   အတတ်ပညာများ တတ်မြောက်သည့်အပြင်  ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊  စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား   ကောင်းမွန်ခြင်း၊    ယဉ်ကျေး လိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း  စသည့်   ကောင်းမြတ် သောအရည်အသွေးများပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ    ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့် ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို         အုတ်မြစ်ချတည်ဆောက်ခြင်းပင်ဖြစ်ကြောင်း။

 


ထို့ကြောင့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  လူရည်ချွန် စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး      ကျန်းမာ သန်စွမ်းကာ    အကျင့်စာရိတ္တ   ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး  လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး    နိုင်ငံ့ အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန် ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစု ပျိုးထောင်ပေးရန်ဆိုသည့်     ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့်      အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 


လူရည်ချွန်    မောင်မယ်များအနေဖြင့်    မိမိ ကိုယ်တိုင်၊     မိမိကျောင်း၊     မိမိပတ်ဝန်းကျင်နှင့်  နိုင်ငံတော်၏အကျိုးစီးပွားအတွက်      ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ သစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရေး          ကြိုးပမ်းဆောင်ရွက်သွား ကြရန်    အလေးအနက်      တိုက်တွန်းမှာကြား လိုကြောင်း” စသည်ဖြင့်   ဩဝါဒစကား    ပြောကြား ခဲ့သည်။ 

 


အနာဂတ်တွင်   နိုင်ငံတော်၏တာဝန်များကို    ပခုံးပြောင်း ထမ်းဆောင်ရမည့်   သားကောင်းရတနာ ဟူသည်   အလိုအလျောက် ပဒေသာပင်မြေကပေါက် လာသည် မဟုတ်ပါ။ မိဘဆရာသမားတို့၏ စနစ် တကျမြေတောင်မြှောက်   ပြုစုပျိုးထောင်ပေးခြင်း ဖြင့်သာ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်   ဖြစ်ပေ သည်။

 


သို့ဖြင့်  မိမိရင်သွေးငယ်များကို   အနာဂတ်တွင်   နိုင်ငံတော်က     အားထားရသည့်၊     မိသားစုက  အားကိုးရသည့်၊ ရပ်ရွာက အလေးထား လေးစားရ သည့်  သားကောင်းရတနာများ    ဖြစ်လာစေရန် ကျောင်းသားမိဘတိုင်းက   လာမည့်  မေ၂၃ ရက်မှ ၃၁ ရက်အတွင်း      ကျောင်းအမြန်    အပ်နှံကြဖို့ ထပ်ဆင့်နှိုးဆော်    တိုက်တွန်းလိုက်ရပါသည်။      ။