ငွေကြေးများကို ဘဏ်တွင်အပ်နှံခြင်းထက် ရင်းနှီးမြှုပ်နှံမှုများတွင် အသုံးပြုရန် ဂျပန်အစိုးရတွန်းအားပေး

 

တိုကျို   မေ   ၄


ဂျပန်စတော့အိတ်ချိန်းဈေးကွက်၌    ၂၀၁၄     ခုနှစ်တွင်  အချိန်ကာလ အကန့်အသတ်ဖြင့် စတင်မိတ်ဆက်ခဲ့သည့် အခွန်ကင်းလွတ်ခွင့်ပြုမည့် အစီအစဉ်ပါဝင်သော Nippon Individual Savings Account (NISA) ကို ပြန်လည်ပြင်ဆင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အပြည့်အဝ စတင် ဖော်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါအစီအစဉ်အရ စတော့ရှယ်ယာများ၊   ရင်းနှီး မြှုပ်နှံမှုများကို   ရောင်းချခြင်းမှ ရရှိသည့်ဝင်ငွေအပေါ် ပေးဆောင်ရမည့် အခွန်အခများကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။

 


အဆိုပါအစီအစဉ်ကို  ဂျပန်အစိုးရ၏ Asset Income Doubling Plan အောက်မှ ဖော်ဆောင်ခြင်းဖြစ်ပြီး  Asset Income Doubling Plan ကို ပေါ်ထွန်းစစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်နှင့် အဖွဲ့အစည်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် ရန်ပုံ ငွေများ ပိုမိုရရှိစေရေး ရည်ရွယ်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

 


ယခုနှစ်သည်     အဆိုပါစီမံကိန်း    ပထမနှစ်ဖြစ်သည့်အလျောက် ဘဏ်တွင်အပ်နှံခြင်းအစား ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် တွန်းအား ပေး၍   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း     ဝန်ကြီးချုပ်ဖူမီယိုကီရှီးဒါးက ပြောကြားထားသည်။    ၂၀၂၂    ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့သည့် Asset Income Doubling Plan အရ  အစိုးရအနေဖြင့် Nippon Individual Savings Account (NISA) အရေအတွက်ကို ၃၄ သန်းအထိရရှိအောင် ဆောင်ရွက်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏကို ငါးနှစ်အတွင်း ယန်း ၅၆ ထရီလီယံရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်သည်။ NISA Account ဖွင့်လှစ်ခွင့်ပြုသည့်အချိန်မှစ၍ Account အသစ် ၁၇ သန်း ဖွင့်ခဲ့ပြီး    ရင်းနှီးမြှုပ်နှံမှု ယန်း  ၂၈ ထရီလီယံအထိ  ရရှိခဲ့ပြီးဖြစ်သည်။

 


Asset Income Doubling Plan တွင် ရည်မှန်းချက် သုံးရပ်ပါရှိကာ ရည်မှန်းချက် (၁) အနေဖြင့်   NISA Account အရေအတွက်ကို လက်ရှိ ၁၇ သန်းမှ ၃၄ သန်းအထိ ငါးနှစ်အတွင်းရရှိရန်၊ ရည်မှန်းချက် (၂) အနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို   လက်ရှိ    ယန်း ၂၈ ထရီလီယံမှ ၅၆ ထရီလီယံရရှိရန်၊  ရည်မှန်းချက်(၃)  အနေဖြင့် ရည်မှန်းချက်  အချက် များပြည့်မီရန် အလယ်အလတ်လူတန်းစားများကို ဦးတည်ဆောင်ရွက် သွားမည်ဖြစ်ပြီး  ကာလရှည်ရည်မှန်းချက်များချမှတ်နိုင်ရေး မူဝါဒများ ရေးဆွဲဆောင်ရွက်သွားရန် ဖော်ပြထားသည်။

 


Nippon Individual Savings Account (NISA)   တစ်ခုအတွက် Investment Trust များမှ တစ်နှစ်လျှင် အများဆုံး ရင်းနှီးမြှုပ်နှံခွင့်ပြုကာ အခွန်ကင်းလွတ်ခွင့်ပြုမည့်ပမာဏမှာ ယန်း ၁ ဒသမ ၂ သန်း၊ တစ်ဦးချင်း Account များ အတွက် Growth Investment Account   တစ်ခုလျှင် ယန်း ၂ ဒသမ ၄ သန်း ၊ ရာသက်ပန်ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်၍ အခွန်ကင်းလွတ်ခွင့်ရှိမည့်ပမာဏမှာ NISA Account တစ်ခုအတွက် ယန်း ၁၈   သန်း   သတ်မှတ်သွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာ စီးပွားရေးသံမှူးထံမှ သိရသည်။