
ဘန်ကောက် မေ ၄
ထိုင်းနိုင်ငံတွင် ကပ်ရောဂါ၏ သက်ရောက်မှု ကြောင့် နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့သော လောင်စာဆီ သုံးစွဲမှုသည် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်အတွင်း မြင့်တက်ခဲ့ကြောင်း စွမ်းအင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း လောင်စာဆီဝယ်လိုအား ပျမ်းမျှ အားဖြင့် တစ်နေ့လျှင် လီတာ ၁၆၁ သန်း (၅ ဒသမ ၆၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း၊ ယင်းသို့တက်လာရခြင်းမှာ ကပ်ရောဂါ ကန့်သတ်ချက်များ ဖြေလျှော့လိုက်သဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးသည့် နိုင်ငံ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း စွမ်းအင်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဆိုသည်။
ဒီဇယ်သုံးစွဲမှုမှာ တစ်နေ့လျှင် လီတာ ၇၆ ဒသမ ၄ သန်း (၀ ဒသမ ၂ ရာခိုင်နှုန်း)၊ ဂက်စ် ဆိုလင်းနှင့် ဂက်စ်ဆိုဟော (91 သို့မဟုတ် 95)တို့၏ ဝယ်လိုအား လီတာ ၃၁ ဒသမ ၇ သန်း (၆ ဒသမ ၆ ရာခိုင်နှုန်း) ဖြစ်လာပြီး လေကြောင်းဖြင့် ခရီးသွားလာမှု အသက်ဝင် လာခဲ့ပြီး လေယာဉ်ဆီသုံးစွဲမှုလည်း တစ်နေ့ လျှင် လီတာ ၁၄ သန်းဖြင့် ရာနှုန်းပြည့်နီးပါး မြင့်တက်လာခဲ့သည်။
ရေနံဓာတုပစ္စည်းကဏ္ဍတွင် Polymer ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် Liquefied Petroleum Gas -LPG ကို သုံးစွဲမှုနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ကယ်ရိုဆင့် (Kerosene) သုံးစွဲမှုလည်း ကျဆင်းခဲ့ကြောင်း၊ Compressed Natural Gas (CNG) သုံးစွဲမှုမှာ တစ်နေ့လျှင် တန် ၃၅၆၀ (ခုနစ်ရာခိုင်နှုန်း)၊ လောင်စာဆီ လီတာ ၆ ဒသမ ၈၂ သန်းဖြင့် အသီးသီးမြင့်တက်လာကြောင်း စွမ်းအင် ညွှန်ကြားရေးမှူးက ပြောကြားသည်။
ရေနံစိမ်းတင်သွင်းမှု မြင့်တက်
ရေနံစိမ်းတင်သွင်းမှု တစ်နေ့လျှင် စည် ၁ ဒသမ ၁၀ သန်း (၅ ဒသမ ၇ ရာခိုင်နှုန်း) မြင့်တက်လာခဲ့သော်လည်း သန့်စင်ပြီးသော ဆီကို တစ်နေ့လျှင် ၁၄၇၃၇၁ စည်သာ တင်ပို့ နိုင်သဖြင့် ခြောက်ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ထိုင်းနိုင်ငံ အစိုးရအရာရှိကြီးများက ရုပ်ကြွင်းလောင်စာ အသုံးပြုခြင်းမှသည် သန့်စင်သောလောင်စာ၊ ဇီဝလောင်စာနှင့် လျှပ်စစ်မော်တော်ကားများကို အများဆုံး အသုံးပြုမည့် National Oil Plan ကိုရေးဆွဲနေ ကြောင်း၊ ဇီဝလောင်စာဝယ်လိုအားမြင့်တက် စေရန် ဓာတ်ဆီဆိုင်များတွင် ဂက်စ်ဆိုဟော E10 (95 သို့မဟုတ် 91) အစား ဂက်စ်ဆိုဟော E20 (ဂက်စ်ဆိုလိုင်းနှင့် အီသနော ၂၀ ရာခိုင်နှုန်း ရောနှောထားသော) ကို အစားထိုး သုံးစွဲမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရသည်။