
ရန်ကုန် မေ ၄
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ စီစဉ်သည့် “UMFCCI MSME Fair 2023” ကို မေ ၇ ရက်နှင့် ၈ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန် ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် ဖွင့်လှစ် ပြသသွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်အခွင့်အလမ်းများ လက်တွေ့ရရှိစေမည်ဖြစ်သည်။
စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များ၊ အသိပညာပေး ဆွေးနွေးပွဲများ ကိုလည်း ထည့်သွင်းကျင်းပသွားမည့်အပြင် MSMEs လုပ်ငန်းရှင်များ ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများခင်းကျင်းပြသပုံ၊ တီထွင် ဆန်းသစ်မှု၊ ထုပ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ်မူတည်၍ MSME Outstanding Award ဆုချီးမြှင့်မည့် အစီအစဉ်များ၊ MSME အနှစ်သာရ ပေါ်လွင်စေမည့် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များလည်း ပါဝင်မည်ဖြစ်၍ ကိုယ်တိုင်လာရောက်ကြည့်ရှု လေ့လာရန် UMFCCI က ဖိတ်ခေါ်ထားသည်။
ပြပွဲကြီးသို့ စိတ်ပါဝင်စားတက်ရောက်လိုသူများအနေဖြင့် ကုန်သည် စက်မှုအသင်းချုပ် UMFCCI Website Link : https://bit.ly/ 3AReR81 တွင် အမည်စာရင်းများ ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်းသိရသည်။
ကိုရိုး