
နေပြည်တော် မေ ၄
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့ညနေပိုင်းတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနား အစမ်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေ ၆ နာရီတွင် အခမ်းအနား ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့် စင်မြင့်ဆောက်လုပ်ပြီးစီးမှု၊ အသံပိုင်း၊ ရုပ်ပိုင်းနှင့် မီးပိုင်းဆိုင်ရာစနစ်များ တပ်ဆင်ပြီးစီးမှု၊ ဖွင့်ပွဲ အခမ်းအနားတွင် ဆောင်ရွက်မည့်အစီအစဉ်များ ကြိုတင်ဇာတ်တိုက် လေ့ကျင့်နေမှု၊ ရွှေကြိုမောင်မယ်များ လေ့ကျင့်နေမှု၊ အခမ်းအနားမှူးများ လေ့ကျင့်မှု၊ ဂုဏ်ပြုလျှောက်လမ်း (Red carpet)နေရာ ပြင်ဆင်ထားမှု၊ မီးရှူးမီးပန်းများ စမ်းသပ်ပစ်ဖောက်မှု၊ နေရာထိုင်ခင်း ပြင်ဆင်လျာထား မှု၊ ရောင်စုံအလှမီးများ တပ်ဆင်ထားမှုနှင့် အကြိုလုပ်ငန်းဆိုင်ရာကိစ္စရပ် များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊ တေးသီချင်းများအပါအဝင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
မေ ၆ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ရန် ရုပ်ရှင်အနုပညာလောကမှ အနုပညာရှင် အချို့နှင့် ရွှေကြိုမောင်မယ်များ ရောက်ရှိနေကြပြီး အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ အနက်မှ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ(Fashion Awards) ကို အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး ပေါင်းလေးဦးအားရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်