တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂
တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ  အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိ  တပ်မတော်ဆေးရုံများ နှင့် ယာယီကုသရေးဆေးရုံများတွင်  ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှ ဆရာဝန်များသည်လည်း ၎င်းတို့၏   သဘော ဆန္ဒအလျောက်        ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရှိရသည်။ (ယာပုံ)
ယင်းသို့  ဆောင်ရွက်ပေးလျက်ရှိရာ   တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ  တပ်မတော်ဆေးရုံ များသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၃၅၄၆ ဦးအတွင်း လူနာ ၃၁၃၉ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများ ကို  ဆေးရုံတင်ကာ  ကျန်းမာရေးစောင့်ရှောက်ပေး ခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး  အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာ များအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၉၈၃  ဦး၊  အသေးစားခွဲစိတ်ကုသရန်   လိုအပ်သူ  ၅၁၅ ဦး၊ စုစုပေါင်း ၁၄၉၈ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီး  စိုးရိမ်ဖွယ်ရာရှိသည့်  လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင်  တက်ရောက်စေလျက်ရှိပြီး  ၎င်းတို့ အနက်  ၅၉၁  ဦးကို  ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ  ၉၀၅ ဦးကို  သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ   အနာဂတ်မျိုးဆက်သစ်ကလေးငယ် ၁၄၉၆ ဦးကို မွေးဖွားနိုင်ခဲ့သည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့  အချိန်မရွေး  ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံ များမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိ ရသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ တပ်မတော်ဆေးရုံများသို့  ဆေးရုံလာရောက်ပြသ သူများနှင့် ဆေးရုံတက်လူနာများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော လူနာများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်