
ဘားအံ ဧပြီ ၂၉
၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုကို ဧပြီ ၂၉ ရက် နံနက် ၇ နာရီက ဘားအံမြို့နယ် စုပေါင်းရုံး၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် အားပေးကြသည်။
အဆိုပါ လေ့ကျင့်သရုပ်ပြသမှုကို ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(ဘားအံ)နှင့် ဘားအံမြို့နယ် စုပေါင်းရုံးရှိ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ၊ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်း တို့၏ ကြီးကြပ်မှုဖြင့် မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီးသတ်ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေး(ဘားအံ)မှ လူနာတင်ယာဉ် နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ၁၀ ဦး၊ ဘားအံမြို့နယ် စုပေါင်းရုံးမှ ဝန်ထမ်း ၅၀ ပူးပေါင်းပါဝင်၍ ရုံးတွင်းမီးလောင်မှု ဖြစ်ပွားခြင်း နှင့် မီးလောင်မှုကြောင့်ပိတ်မိနေသော ဒဏ်ရာရ လူနာများအား ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များက အသက်ကယ်ကြိုးများဖြင့် ဘေးလွတ်ရာသို့ ရှာဖွေကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ ဒဏ်ရာရ လူနာများအား ကယ်ဆယ်ရေးလူနာတင်ယာဉ်များ ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ဆီမီးလောင်မှုကို မီးသတ်ဆေးဘူးများအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို လေ့ကျင့်သရုပ်ပြသရာ ပြည်နယ် ဝန်ကြီးချုပ်က ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လေ့ကျင့် သရုပ်ပြသရာတွင် ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင် များအားတွေ့ဆုံ၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်စွမ်းရည်များ၊ အသက်ကယ်စွမ်းရည်များ တိုးတက်မြင့်မားနေစေရန် စဉ်ဆက်မပြတ်လေ့ကျင့် ကြရန်၊ တပ်ဖွဲ့ဝင်၊ မီးငြှိမ်းသတ်ယာဉ်နှင့် စက်ယန္တရား များ အမြဲတမ်းအသင့်ရှိနေရန်လိုပြီး လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့်လည်း အမြဲပူးပေါင်း၍ ပြည်သူများ၏ အခက်အခဲ၊ အန္တရာယ်များကို ကာကွယ်စောင့်ရှောက် ပေးကြရန်မှာကြားကာ ငွေကျပ်ငါးသိန်း ထောက်ပံ့ ပေးအပ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)