ချမ်းအေးသာစံမြို့နယ် ၇၈ x ၇၉ လမ်းကြား၊ ၃၄ လမ်းအနီးရှိ မီးရထားသံလမ်းများပေါ်တွင် အတားအဆီးများပိတ်ဆို့၍ ဆူပူလှုံ့ဆော်ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲဆောင်ရွက်ခဲ့ရ

 

နေပြည်တော်၊  ဖေဖော်ဝါရီ  ၁၈


လက်ရှိအချိန်တွင်    နိုင်ငံအတွင်းရှိ   အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဆူပူလှုံ့ဆော်ဆန္ဒပြသူများအနေဖြင့် အစိုးရလုပ်ငန်းယန္တရား လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေရန် လမ်းကြောင်းပိတ်ဆို့ခြင်းများ၊ ပုံမှန်လုပ်ငန်းတာဝန်ထမ်းဆောင်လျက်ရှိသည့်   ဝန်ထမ်း များကို နှောင့်ယှက်ခြိမ်းခြောက်ခြင်းများ စသည့် အဖျက် အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိသည်။


ထိုသို့ ဥပဒေမဲ့လုပ်ရပ်များကို  ကျူးလွန်လျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက်က    မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသော   တိုင်းဒေသကြီးနှင့်   ပြည်နယ် ဒေသများသို့ မီးရထားခရီးစဉ်များ   ပြန်လည်ပြေးဆွဲနိုင်ရေး အတွက်   မန္တလေး-သာစည်     မီးရထားလမ်းပိုင်းနှင့် စက်ခေါင်းများအား   စစ်ဆေးပြင်ဆင်ဆောင်ရွက်လျက် ရှိသည့်  မြန်မာ့မီးရထားမှ  တာဝန်ရှိသူများ၏  လုပ်ငန်း တာဝန်ထမ်းဆောင်နေမှုများကိုလည်း   နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ   မြန်မာ့မီးရထားမှ   အထက်မြန်မာပြည် အထွေထွေမန်နေဂျာ  ဦးဆောင်သော   မြန်မာ့မီးရထားမှ တာဝန်ရှိသူများသည် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလျက် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်တွင်  မန္တလေး-သာစည် မီးရထားလမ်းပိုင်းနှင့် စက်ခေါင်းများအား စစ်ဆေးပြင်ဆင်ဆောင်ရွက်လျက်ရှိစဉ်ဆူပူလှုံ့ဆော်ဆန္ဒပြသူ ၁၀၀  ခန့်က ချမ်းအေးသာစံမြို့ နယ်၊ ၇၈ x  ၇၉ လမ်းကြား၊ ၃၄ လမ်းအနီးရှိ မီးရထားသံလမ်း များတွင် ခရီးသွားပြည်သူများစီးနင်းမည့်  မီးရထားများ ခုတ်မောင်းမှုမပြုနိုင်စေရန် သံချောင်းများ  ချထားခြင်း၊ သစ်တုံးများ၊ ကျောက်ခဲများဖြင့် ပိတ်ဆို့ခြင်းများပြုလုပ်ပြီး ဆူပူဆန္ဒပြခြင်းများကို ဆက်လက်ပြုလုပ်လာခဲ့သည်။


ထိုသို့ပြုလုပ်ခြင်းများကြောင့်    မြန်မာ့မီးရထားမှ အထက်မြန်မာပြည်   အထွေထွေမန်နေဂျာ၊     မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်   တာဝန်ရှိသူများက   ဆူပူလှုံ့ဆော် ဆန္ဒပြသူများအား တွေ့ဆုံ၍ အများပြည်သူများ၏ ခရီးသွား လာမှု လွယ်ကူချောမွေ့စေရေး   ဆောင်ရွက်နေသည်ကို နှောင့်ယှက်ခြင်းများမပြုလုပ်ကြရန်     မေတ္တာရပ်ခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက     ၎င်းတို့ပိတ်ဆို့ထားသည့်   အတားအဆီးများကို ဖယ်ရှားဆောင်ရွက်စဉ် ဆူပူလှုံ့ဆော် ဆန္ဒပြသူများက  လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရထားလမ်း  ဝဲ၊  ယာမှ  ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်၊ ဓားများဖြင့်      ပစ်ပေါက်  ရန်ပြုလာသောကြောင့်     မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက သတိပေးပြီး  အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့်  ရော်ဘာကျည်များဖြင့်   ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ   ည ၉ နာရီခန့်မှသာ  ဆူပူလှုံ့ဆော် ဆန္ဒပြသူများအား လူစုခွဲရှင်းလင်းနိုင်ခဲ့ပြီး  ဆူပူလှုံ့ဆော် ဆန္ဒပြမှုတွင်    ပါဝင်ပတ်သက်သူများအား   လိုအပ်သလို  ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။


ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့နံနက်ပိုင်းတွင် မန္တလေး-သာစည် မီးရထားလမ်းပိုင်း ဘေးအန္တရာယ်   ကင်းရှင်းမှုစစ်ဆေးနိုင်ရေးအတွက် စက်ခေါင်းတွဲတစ်တွဲ  ရှေ့ပြေးထွက်ခွာပြေးဆွဲနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ အတွင်း  ဆူပူအကြမ်းဖက်မှုများ  ဖြစ်ပွားမှုမရှိစေရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး လိုအပ်သည့်   လုံခြုံရေးလုပ်ငန်းများကို  ဥပဒေနှင့်အညီ  နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိ သည်။ 


သတင်းစဉ်