
နေပြည်တော် ဇန်နဝါရီ ၂၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း (၁၁)သင်းမှ ဥက္ကဋ္ဌများအား နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌများက Online မှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇန်နဝါရီ ၈ ရက် တွင် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) တွင် Myanmar Tourism Strategic Recovery Roadmap (MTSRR) (2021-2025)ကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ထိခိုက်သွားသည့် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူလာ စေရန် အမျိုးသားအဆင့် Roadmap ဖြစ်သည့် MTSRR ကို လမ်းညွှန်အဖြစ် အသုံးပြုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များက မိမိတို့ဒေသနှင့် ကိုက်ညီသည့် Regional Tourism Master Plan များ ပေါ်ထွက်လာအောင် ရေးဆွဲဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
လက်ရှိအနေအထား၌ ရှိပြီးခရီးစဉ်ဒေသများကို အဆင့်အတန်းမြှင့်တင်ပြီး ခရီးစဉ်ဒေသသစ်များကိုလည်း ရှာဖွေဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်နေသည်များကို ပြည်သူများသိရှိနိုင်ရေးအတွက် ဝန်ကြီးဌာန၏ Facebook နှင့် Website မှ အချိန်နှင့်တစ်ပြေးညီ ဖော်ပြလျက်ရှိရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များကလည်း အများပြည်သူ အသိပညာပေးလုပ်ဆောင်နေခြင်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ထုတ်ပြန်ညွှန်ကြားချက်များကို မိမိတို့ ဝန်ကြီးဌာန ညွှန်ကြားချက်နှင့် ပေါင်းစပ်၍ National Tourism Guideline for COVID-19 Safe Services ကို ထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း။
စမ်းသပ်ဆောင်ရွက်ခဲ့
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် UNWTO ၊ WTTC စသည့် နိုင်ငံတကာခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက် များကို ပေါင်းစပ်ပြီး Enchanting Myanmar Health and Safety Protocol (HSP) for Safe Tourism Myanmar ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြုစုထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ညွှန်ကြားချက် Social Distancing Guidelines များကို လိုက်နာပြီး ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင် ကြောင်းကို အများပြည်သူသိမြင်လက်ခံလာရန် Non-landing Sightseeing Flight နှင့် Public Relation Campaign အဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ပါ ကြောင်း။
အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ရေး
ပညာရေးဝန်ကြီးဌာနနှင့် ပူပေါင်း၍ Hospitality, Tourism, Guide TVET Diploma သင်တန်းဖွင့်လှစ်နိုင်ရေး၊ အမျိုးသားစံချိန်စံညွှန်းကောင်စီနှင့် ပူးပေါင်း ၍ Hotel, Motel, Guest House များ အဆင့်အတန်း ပြန်လည်သတ်မှတ်ရန် နှင့် NSSA နှင့် ပူးပေါင်းပြီး Industry တွင် ကျွမ်းကျင်မှုလက်မှတ်ရသူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်း ဥက္ကဋ္ဌများက COVID-19 Yellow Campaign ပူးပေါင်းဆောင်ရွက်မှု၊ ဟိုတယ်များ star အဆင့် သတ်မှတ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေ၊ COVID Impact Assessment Survey (CIAS) ကောက်ယူစစ်တမ်းထုတ်မှု၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းသို့ မော်တော်ယာဉ်တန်း ခရီးစဉ်သွားရောက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် ထားမှုများအပါအဝင် လုပ်ငန်းဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လိုက်နာရမည့် Quarantine သတ်မှတ်ချက်များနှင့် SOP များ တောင်းခံထားမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်ကို အသင်းအဖွဲ့များ၏ ဆက်စပ်သူအားလုံး အသိပေးဆောင်ရွက် စေရန်ကိစ္စ၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် ASEAN Tourism ဖိုရမ်အား Online မှ တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က အသင်းဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်