ရိုးရာဓလေ့အစဉ်အလာအတိုင်း နွားလှည်းယာဉ်တန်းဖြင့် မန်းရွှေစက်တော်သို့ ဘုရားဖူးထွက်ခွာ

 

မင်းဘူး  မတ်  ၂


မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် မင်းလှကျင်း ရွာသူ ရွာသားများသည်    ရိုးရာဓလေ့ အစဉ်အလာအတိုင်း   နွားလှည်း ယာဉ်တန်းဖြင့် ဘုရားဖူးထွက်ခြင်း ကို    တပေါင်းလဆန်း   ၁၂  ရက် ညနေ ၃ နာရီခွဲတွင် ရွှေစက်တော် သို့ ညအိပ်ဘုရားဖူး ထွက်ခွာခဲ့ကြ ပြီဖြစ်ကြောင်း     မင်းလှကျင်း ကျေးရွာအုပ်ချုပ်ရေးမှူး   ဦးအုံး ကြိုင်ထံမှ သိရသည်။

 


ရွှေစက်တော် ဘုရားပွဲတော် ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက် မှ   မြန်မာနှစ်ဆန်း   ၁  ရက်အထိ သုံးလတိုင်တိုင် ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ဖြင့် စည်ကားလျက်ရှိသော သမိုင်းဝင်တန်ခိုးကြီး ပါဒစေတီတော်မြတ် ကြီးဖြစ်သည်နှင့်အညီ မင်းလှကျင်း ရွာသူရွာသားများသည် ရွှေစက် တော်ဘုရားနှင့် ၁၃ မိုင်သာ ဝေးကွာသောကြောင့် နွားလှည်းမရှိသူများမှ အပ ကျန်အိမ်ထောင်စုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် ဘုရားဖူး ထွက်သည့် အစဉ်အလာရှိကြသည်။

 


နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်မှ လပြည့်ကျော် ၃ ရက်အတွင်း ဘုရားဖူးထွက်လေ့ရှိကြပြီး ခုနစ်ရက်တိုင် အောက်သောင်ပြင်ရေဆိပ် တွင် စခန်းချဖူးမြော်လေ့ရှိကြသော်လည်း ယခုနှစ်တွင် တပေါင်းလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၁ ရက်အထိ  လေးရက်သာ  ညအိပ်စခန်းချ ဖူးမြော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 


မင်းလှကျင်း ကျေးရွာသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ဘိုးဘေးဘီဘင်လက်ထက်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ ရှေးရိုးစဉ်လာမပျက်   နွားလှည်းတန်းများဖြင့်   စည်ကားသိုက်မြိုက်စွာ ဘုရားဖူးခဲ့ကြသည့် တစ်ခုတည်းသော ကျေးရွာဖြစ်သကဲ့သို့ ယခုနှစ်တွင် လည်း ရိုးရာဓလေ့ အစဉ်အလာကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်း ယာဉ်တန်းဖြင့်  ရွှေစက်တော်ဘုရားသို့ ဘုရားဖူး ထွက်ခွာလျက်ရှိကြ ပြီး လာမည့်နှစ်များတွင်လည်း ဘုရားဖူး ထွက်ကြဦးမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောပြသည်။


ဇေယျာထက်(မင်းဘူး)