မုံရွာမြို့နယ်၌ ယခုနှစ်အတွင်း ငွေနှင်းမှိုမျိုးစေ့ထုပ် ၇၀၀၀ ဖြန့်ဖြူးရန် ရည်မှန်းထား

 

မုံရွာ  ဖေဖော်ဝါရီ  ၂၅


စစ်ကိုင်းတိုင်းဒေသကြီး    စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ၍ မွေးမြူရေး  မှိုများ စနစ်တကျစိုက်ပျိုးထုတ်လုပ်ပြီး  မှိုနှင့်သက်ဆိုင် သော တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ခြင်းဖြင့် MSME  လုပ်ငန်းများအတွက်  အထောက်အကူပြု ကုန်ကြမ်းထုတ်လုပ်နိုင်စေရန် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းအဖွဲ့   (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဖေဖော် ဝါရီ ၂၃ ရက်က မုံရွာမြို့ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဝင်းလှိုင်ဦးက မှိုစိုက်ပျိုးထုတ်လုပ်မှု နှင့်ပတ်သက်၍ နည်းပညာပေးခြင်း၊ မှိုမျိုးများ စဉ်ဆက် မပြတ်ထုတ်လုပ်ခြင်း၊  မှိုမျိုးများ  ဖြန့်ဖြူးခြင်း၊  မှို စိုက်ပျိုးမှုအသိပညာနှင့်ထုတ်လုပ်မှု ၊ စားသုံးမှုကဏ္ဍ တိုးတက်ရေးအတွက်   ကွင်းဆင်းဆောင်ရွက်ခြင်း၊ မှိုကဏ္ဍအတွက်  လိုအပ်သောသုတေသနလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းအတွက် အသုံးစရိတ်၊  ဝင်ငွေ ပြန်လည်ရရှိရေး ဆောင်ရွက်ခြင်း စသောလုပ်ငန်းများ ကို  ညှိနှိုင်းဆွေးနွေးသည်။ 


ထို့နောက်  တိုင်းဒေသကြီး    ဒုတိယဦးစီးမှူး ဦးအောင်ကြည်ဝင်းက မှိုစိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံတစ်မျိုးအနေဖြင့် ရေရှည်တွင် အကျိုးအမြတ်ပိုမို ရရှိပြီး လူကြီး၊ လူငယ် ကျား/မ မရွေး ဆောင်ရွက်နိုင် သည့်  လုပ်ငန်းဖြစ်သောကြောင့်   မှိုစိုက်ပျိုးနည်း ပညာများ ပိုမိုပြန့်ပွားရေးဆောင်ရွက်ရန် ဆွေးနွေး ကာ  တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဦးထွန်းရှိန်က မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနည်းပညာများ ကို  ဆွေးနွေးပြောကြားသည်။ 


မုံရွာမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးစိုး သက်အောင်ကလည်း မုံရွာမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မှိုမျိုးစေ့ထုတ်လုပ်ရေး သုတေသနဆောင်ရွက် ခဲ့ပြီး   ဒေသနှင့်ကိုက်ညီသော  ငွေနှင်းမှိုမျိုးများ ထုတ်လုပ်ခဲ့ရာ  အောင်မြင်မှုရှိလာသည့်အတွက် မှို စိုက်ပျိုးထုတ်လုပ်ရေးကို စီးပွားဖြစ်ဆောင်ရွက်မည့် လုပ်ငန်းရှင်များ၊    တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုသည့် တောင်သူများနှင့်အိမ်ခြံဝင်းအတွင်း အပိုဝင်ငွေရရှိ အောင်  စိုက်ပျိုးနိုင်ရေးနည်းပညာပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း မှိုမျိုးစေ့ထုပ် ၃၀၀၀ ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် အထုပ် ၇၀၀၀ ဖြန့်ဖြူးရန် ရည်မှန်းထားကြောင်း ပြောသည်။
အစည်းအဝေးတွင် မှိုစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ ကလည်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက် မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။


ခရိုင်(ပြန်/ဆက်)