
နောင်ချို ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့နယ်အတွင်း ကော်ဖီသီးနှံ တိုးချဲ့ စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးစီမံကိန်းအရ ကော်ဖီမျိုးစေ့နှင့် ပျိုးပင် များကို ကော်ဖီသီးနှံစိုက်ပျိုး တောင်သူ များထံသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖေဖော်ဝါရီ ၂၃ ရက်က ပေးအပ်သည်။
ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ် ရာတွင် ကျောက်မဲခရိုင် ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်း တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး ကြီးကြပ်မှု ကော်မတီဖွဲ့စည်းထားမှု အခြေအနေများ နှင့် ကော်ဖီသီးနှံစိုက်ပျိုးရေး တောင်သူ များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားသည့်အတွက် လုပ်ပိုင်ခွင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနေ မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းထင်စိုးက ကော်ဖီသီးနှံတိုးချဲ့ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျောက်မဲခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးနိုင်ဝင်းထွေးက ကော်ဖီ သီးနှံ စိုက်ပျိုးမှုအပေါ် မြေယာပြဿနာနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက် ပေးမှုများကို ဆွေးနွေးသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များကို ကော်ဖီ စိုက်ပျိုးရေးတောင်သူများထံ ထောက်ပံ့ ပေးအပ်သည်။
နောင်ချိုမြို့နယ်အနေဖြင့် မျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲကို ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများအနေဖြင့် နောင်ချို မြို့နယ် ဘန့်ဘွေးကျေးရွာကို ကော်ဖီ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်၍ ကော်ဖီများ စိုက်ပျိုးလျက်ရှိကြောင်း၊ ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူ များ ဝင်ငွေရရှိသည့်အပြင် နှစ်ရှည်ပင် နည်းပါးလာခြင်း၊ အရိပ်ရပင်များ နည်းပါး လာခြင်းကြောင့် သဘာဝရေထွက်များ အားနည်းလာခြင်းကိုလည်း တားဆီးပေး နိုင်ပြီး ရာသီဥတုကို ပြုပြင်ထိန်းသိမ်းရာ ရောက်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)